ကာချုပ်မင်းအောင်လှိုင် တရုတ်ပြည်ကို ရောက်နေတဲ့အကြောင်းအပါအဝင် ဧပြီ ၉ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလ ၈ ရက်နေ့ကစလို့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘေဂျင်းမြို့ကို ရောက်နေပါတယ်။
တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ရဲ့ ဖိတ်ကြားမှုကြောင့် သွားတာဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်အစိုးရနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အကြီးအကဲတွေနဲ့ တွေ့မှာဖြစ်တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်မှာ ဘာတွေ အဓိက ဆွေးနွေးမယ်ဆိုတာကို တိတိပပ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့လည်း လိုက်ပါသွားကြပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အခု ဧပြီလကုန်မှာ ဘေဂျင်းမှာ ကျင်းပမယ့် Belt and Road Initiative ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာတော့ အစိုးရအဖွဲ့ ဝန်ကြီးတချို့လိုက်ပါသွားမှာဖြစ်ပြီး တရုတ်မြန်မာခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ရှိနေပြီး ပြည်တွင်းမှာလုပ်မယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်
(China Myanmar Economic Corridor) စီမံကိန်းကြီးတွေကိုလည်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။
လက်ရှိမှာ တရုတ်ဟာ ပြည်တွင်းမှာ ဒေါ်လာဘီလျံနဲ့ချီတဲ့ စီမံကိန်းကြီးတွေ ရင်းနှီးမြုပ်နှံဖို့ လုပ်ဆောင်နေပြီး ကချင်ပြည်နယ်ထဲက ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကိုလည်း ပြန်စဖို့ ပြောတာတွေ ရှိနေပါတယ်။
(၂) သူရဦးရွှေမန်းပါတီ မှတ်ပုံတင်ဖို့ ခွင့်ပြုချက်ကျပြီ

ဓာတ်ပုံ ရင်းမြစ်, Thura U Shwe Mann Facebook
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP မှာ ပါတီ ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း၊ ဒုတိယခေါင်းဆောင်အဖြစ် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးဘုန်းဆွေအပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၉ ဦးနဲ့ ဖွဲ့စည်းထားတာပါတယ်။
ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်မတွေမှာပဲ ဦးစားပေး ယှဉ်ပြိုင်သွားမယ်လို့ ဧပြီလ ၉ ရက်နေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူရဦးရွှေမန်းက ပြောသွားခဲ့ပါတယ်။
(၃) အီရန်ပြည်စောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Huw Evans picture agency
အီရန်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တော်လှန်ရေးပြည်စောင့်တပ်ကို နိုင်ငံခြားက အကြမ်းဖက်အဖွဲ့အစည်း တစ်ခုအဖြစ် အမေရိကန်က သတ်မှတ် ကြေညာလိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခုလို ကြေညာချက်ဟာ အရင်က အစဉ်အလာမရှိခဲ့တဲ့ လုပ်ရပ်ပါ။
မစ္စတာထရမ့်ကတော့ အီရန်ဟာ နိုင်ငံအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးအားမြောက် လုပ်ခဲ့သလိုတော်လှန်ရေး ပြည်စောင့်တပ်ကိုလည်း အခုလို လုပ်နေစေခဲ့တဲ့အတွက် ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကလည်း အနှစ် ၄၀ ကြာအောင် အီရန်ရဲ့ ပြည်စောင့်တပ်က နိုင်ငံတော်ယန္တရားတစ်ခုအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်၊ ငွေကြေး ထောက်ပံ့ပြီး တိုးတက်လုပ်ဆောင်နေတဲ့ အတွက်အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောပါတယ်။
အီရန်အစောင့်တပ်ကို ပိတ်ဆို့အရေးယူမှုတွေကို လာမယ့် သီတင်းပတ်ကစလုပ်မယ်လို့ မိုက်ခ်ပွန်ပီယိုက ပြောပြီး ကမ္ဘာတလွှားက စီးပွားရေးလုပ်ငန်းတွေကိုလည်း အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ပတ်သတ်နေတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေနဲ့ အဆက်အဆံ မလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ အခုလိုလုပ်ရပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပြီး အမေရိကန်ဟာ အကြမ်းဖက်မှုကို အားပေးနေတဲ့ နိုင်ငံဖြစ်တယ်၊ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်စစ်ဌာနချုပ်ကလည်း အကြမ်းဖက်အဖွဲ့ပဲလို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
(၄) လျှို့ဝှက်ရဲတပ်ဖွဲ့အကြီးအကဲကို ရာထူးက သမ္မတထရမ့်ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
သမ္မတထရမ့်က သူ့ရဲ့ ပြည်တွင်းလုံခြုံရေးရာဌာနကို ပြောင်းလဲဖွဲ့စည်းတဲ့ အစီအစဉ်အဖြစ်နဲ့ သမ္မတလုံခြုံရေးကိုပါ တာဝန်ယူရတဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့ အကြီးအကဲ Randolph Alles ကို ရာထူးကဖယ်ရှားလိုက်ပါတယ်။
ပြည်တွင်းလုံခြုံရေးဌာနဝန်ကြီး Kirstjen Nielsen ရာထူးက နှုတ်ထွက်သွားပြီး တစ်ရက်အကြာမှာပဲ လျှို့ဝှက်လုံခြုံရေးဌာနအကြီးအကဲ ရန်ဒေါ့လ်ဖ် အလက်စ်လည်း ဖယ်ခံရတာ ဖြစ်ပါတယ်။
ဝန်ကြီး နယ်လ်ဆင်ဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ကိုင်တွယ်ရာမှာ ပျော့ညံ့တယ်လို့ သမ္မတထရမ့်က ပြစ်တင်ခဲ့ပါတယ်။
(၅) တက္ကသိုလ်ကောင်းတွေဝင်ခွင့်ရဖို့ လာဘ်ထိုးခဲ့သူတွေကို အမေရိကန်အစိုးရက အရေးယူတော့မယ်

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်ပြည်ထောင်စုမှာ သားသမီးတွေ တက္ကသိုလ်ကောင်းတွေ ဝင်ခွင့်ရရေး လာဘ်ထိုးပြီး ကြိုးစားခဲ့တဲ့ မိဘတွေကို အစိုးရက အရေးယူတော့မှာ ဖြစ်ပါတယ်။
ဖက်ဒရယ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ အဲဒီလို မတရားနည်းလမ်း အသုံးပြုခဲ့ပါတယ်လို့ ဝန်ခံမယ့် မိဘတွေထဲမှာ နာမည်ကြီးရုပ်သံ ဇာတ်လမ်းတွဲ Desperate Housewives ထဲက မင်းသမီး Felicity Huffman လည်း ပါပါတယ်။
သူက သမီးဖြစ်သူရဲ့ စာမေးပွဲ အဖြေလွှာမှာ အမှတ်တိုးပေးဖို့အတွက် ဒေါ်လာ တစ်သောင်းခွဲပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
Felicity Huffman ကတော့ မိသားစုကို မျက်နှာပျက်နာကျင်စေခဲ့ရလို့ သူ့အနေနဲ့ အရှက်ရမိပါတယ်လို့ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ပြောကြားခဲ့ပါတယ်။



















