ဧရာဝတီမြစ်ကို ပြန်ရွေးဖို့ ဆွေးနွေးကြမယ်အပါအဝင် ဧပြီလ ၂၀ရက် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, KBC Kachin
ဧရာဝတီမြစ်ကို ပြန်ရွေးယူဖို့ ဒီကနေ့ နေ့လည်မှာဆွေးနွေးကြမယ်
မေခနဲ့ မလိခစုံတဲ့နေရာ မြစ်ဆုံမှာတည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်တဲ့အပြင် အပြီးတိုင်ရပ်တန့်ဖို့ အရေး ဒီကနေ့မတ်လ ၂၀ရက်၊ နေ့လယ် ၂နာရီကနေ ၄ နာရီအထိ ဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို ONE Companion ရဲ့ သူရဲကောင်း အောင်လလည်းတက်ရောက်ဆွေးနွေးမှာပါ။ ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တတ်ကျွမ်းသူ၊ စာရေးဆရာ၊ ကာတွန်း၊ တိုင်းရင်းသား နိုင်ငံရေးပါတီ ကခေါင်းဆောင်အချို့၊ သရုပ်ဆောင်၊ တေးရေး၊ တေးဆို စတဲ့ နယ်ပယ်စုံက သူတွေပါ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို ပြည်လမ်းမပေါ်က နိုဗိုတယ် ဟိုတယ်မှာပြုလုပ်မှာဖြစ်ပြီးတော့ စိတ်ပါဝင်စားကြတဲ့သူတွေ သွားရောက်ဆွေးနွေးနိုင်ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ မြစ်ဆုံအပြီးတိုင်ရပ်တန့်ဖို့အတွက် ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ အဖြေတခု ရအောင်ဆွေးနွေးဖို့ပြင်ဆင်ထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC
အခုလို ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးသတ်ရပ်တန့်ဖို့ လူထုကဆွေးနွေးမှုတွေ၊ ကန့်ကွက်ဆန္ဒထုတ်ဖော်မှု တွေကို အခုလပိုင်းတွေမှာ အရှိန်မြှင့်လုပ်လာတာလည်းဖြစ်ပါတယ်။ ဒါကလည်းဒေါ်အောင်ဆန်းစုကြည် ရဲ့ပဲခူးတိုင်းခရီးစဉ် အတွင်းမြစ်ဆုံနဲ့ပက်သက်ပြီး ပြန်လုပ်မယ့် အရိပ်အကဲ ပါဝင်တဲ့ ဖြေကြားခဲ့မှုအပြီးမှာ လုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ CPI ကုမ္ပဏီက ရင်းနှီးမြှပ်နှံ့မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂၀ ဘီလျံရှိတဲ့ မြစ်ဆုံ (၃.၆ဘီလျံ) အပါအဝင် မေခနဲ့ မလိခ မြစ်ပေါ်မှာ စုစုပေါင်း ဆည် ၇ခု ဆောက်လုပ်ဖို့အတွက် မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းကို အရင်စစ်အစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Forest Department
NLD အစိုးသက်တမ်း တတိယ ၁နှစ်အတွင်း တရားမဝင်သစ်တန်ချိန်တစ်သိန်းနှစ်သောင်းကျော် ဖမ်းဆီးရမိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ရဲ့ တတိယ ၁နှစ်တာအတွင်း မြန်မာနိုင်ငံအဝှမ်း တရားမဝင် သစ်တန်ချိန် ၁၂၀,၀၀၀ ကိုဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနရဲ့ တတိယ ၁ နှစ်တာကာလဆောင်ရွက်ချက်မှာဖော်ပြပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ရဲ့ တစ်နိုင်ငံလုံးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာတွေမှာ ၈၀ရာခိုင်နှုန်းကျော်အနိုင်ရရှိခဲ့လို့ ၂၀၁၆ခုနှစ် မတ်လ ၃၁ ရက်နေ့က စတင်ကာ NLDက အစိုးရတာဝန်ကို ရယူခဲ့တာဖြစ်ပါတယ်။
တတိယ ၁ နှစ်တာ ကာလအတွင်းမှာ သစ်တန်ချိန် ၁၂၀,၀၀၀ အပြင် အဲဒီသစ်တွေကိုထုတ်လုပ်ရာမှာ အသုံးပြုခဲ့တဲ့ လက်ကိုင်စက်လွှ ၁၁၀၀၊ သစ်တင်ယာဉ် ၉၀၀၀ နဲ့ သစ်ခိုးထုတ်သူ တရားခံ ၂၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Forest Department
ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ်ရဲ့ ပထမ ၁၀ လတာကာလဖြစ်တဲ့ ဧပြီလမှ အထိမှာလည်း တရားမဝင် သစ်တန်ချိန် ၆၆၃၇ တန်ကိုဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရသတင်းစာ Global News Light of Myanmar က ဖော်ပြပါတယ်။
တရားမဝင်သစ်ထုတ်လုပ်တာ၊ သစ်တွေအဆမတန်ထုတ်လုပ်ခဲ့တာတွေကြောင့် မြန်မာနိုင်ငံက ၂၀၀၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ သစ်တောဧက ၇သန်းခွဲလောက်ဆုံးရှုံးခဲ့တယ်လို့ Global Forest Watch ကခန့်မှန်းထားပါတယ်။ အဲဒီပမာဏသစ်တောတွေဆုံးရှုံးမှုကြောင့် မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၃၃၅ မက်ထရစ်တန် အထိထုတ်လွှတ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စပိန်ကမြောက်ကိုရီးယားသံရုံးကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရေတပ်သားကို ဖမ်းဆီး
စပိန်နိုင်ငံ မက်ထရစ်က မြောက်ကိုရီးယားသံရုံးကို စီးနင်းတိုက်ခိုက်ခဲ့တဲ့အဖွဲ့ထဲမှာ ပါတယ် ဆိုတဲ့ ယူဆချက်နဲ့ အမေရိကန် ရေတပ်သားကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထုတ်ပြန် ပါတယ်။
ခရစ်စတိုဖာအနေနဲ့ လော့အန်ဂျလိက တရားရုံးမှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
အခုဖြစ်စဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံခဲ့တဲ့ ဗီယက်နမ် တွေဆုံမှုနောက်ပိုင်း ပထမဆုံးအဖြစ်အပျက်လည်းဖြစ်ပါတယ်။
အမေရိကန်ဖက်ဒရယ် အေးဂျင့်တွေကလည်း အမေရိကန်မှာအခြေစိုက်နေထိုင်တဲ့ မြောက်ကိုရီးယားအရေး တက်ကြွလှုပ်ရှားသူ အေဒရင်ဟောင်ရဲ့ တိုက်ခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သေးတယ်လို့ ဝါရှင်တန်ပို့စ် က ဖော်ပြပါတယ်။
အဲဒီကိစ္စတွေနဲ့ပက်သက်ပြီး အမေရိကန် တရားရေးဌာနကတော့ ဘီဘီစီရဲ့မေးမြန်းမှုကို ချက်ချင်း တုံ့ပြန်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။



















