သမ္မတ ဦးဝင်းမြင့်ရဲ့ မြန်မာ့ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ကြေညာတဲ့ သတင်းအပါအဝင် သိသင့်တဲ့ သတင်းများ

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်က အင်းစိန်အကျဉ်းထောင်ကနေ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတချို့ လွတ်မြောက်လာတာ ဖြစ်ပါတယ်
ဓာတ်ပုံ ပုံစာ, မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်က အင်းစိန်အကျဉ်းထောင်ကနေ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတချို့ လွတ်မြောက်လာတာ ဖြစ်ပါတယ်
ရေးသားခဲ့သည်။

(၁) အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေး

နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား ၆,၉၄၈ ဦး ကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၆ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျန်တဲ့ အကျဉ်းသားတွေထဲက လွှတ်သင့်လွှတ်ထိုက် သူတွေကိုလည်း စနစ်တကျ စီစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်ပေးမယ်လို့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံသား အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ ဆိုပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတဲ့အထဲမှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင် ၇ နှစ် ချခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ ပါဝင်လာ မလား ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် (မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်) မှာ လည်း နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား ၉,၅၃၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို သမ္မတက ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။

ဇွဲကပင်တောင်မှာ ဧပြီ ၂၅ ရက် ညပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်
ဓာတ်ပုံ ပုံစာ, ဇွဲကပင်တောင်မှာ ဧပြီ ၂၅ ရက် ညပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်

(၂) ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု ဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ ဇွဲကပင်တောင်မှာ ဧပြီ ၂၅ ရက် ညပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

တောမီးဟာ ဇွဲကပင်တောင်ရဲ့ အနောက်ဘက်ပိုင်းကနေ စတင် လောင်ကျွမ်း ခဲ့တာဖြစ်ပြီး တောင်ရဲ့ အရှေ့ဘက်ခြမ်း ခလောက်နို့ဘက်ကိုပါ ကူးစက်လောင်ကျွမ်း ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

" မီးစလောင်တယ် ကြားရတာက ညနေ ၄ နာရီလောက်ပေါ့၊ ၅ နာရီ ၆ နာရီလောက်မှာ မီးပိုများလာတယ်။ တဖြည်းဖြည်းနဲ့ ပြန်ငြိမ်းသွားတာ ည ၉ နာရီ လောက်မှာ မီးညွှန့်ကျိုးပါတယ်။ တောင်ခြေအနီး ရွာတွေက ပြောတာတော့ ဒီတောင်တွေက ထုံးကျောက်တောင်တွေဆိုတော့ အပူပြင်းပြီး အနားမှာရှိတဲ့ မြက်ခြောက် သစ်ခြောက်တွေကို အပူကြောင့် မီးလောင်ရတာ" လို့ ဘားအံမြို့ခံ ကိုဇော်ထူးဆန်းက ပြောပါတယ်။

မနေ့ညက လောင်ကျွမ်းတဲ့ ဇွဲကပင်တောင် တောမီးဟာ ဒီနှစ်ပိုင်းအတွင်း ကူးစက်လောင်ကျွမ်းမှုတွေမှာ အများဆုံး မီးလောင်ကျွမ်းတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ တွေ့ရတဲ့ ဇွဲကပင်တောင်မြင်ကွင်း
ဓာတ်ပုံ ပုံစာ, ဒီကနေ့မနက်ပိုင်းမှာ တွေ့ရတဲ့ ဇွဲကပင်တောင်မြင်ကွင်း

အရင်နှစ်တွေကဆို မီးတစ်ကြိမ် လောင်ရင် တစ်ပတ်လောက် ကြာလေ့ ရှိတတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အနားမှာ ရွာတွေ မရှိလို့ တောမီး ကူးစက်လောင်ကျွမ်းချိန်မှာ အန္တရာယ် မရှိသလို မီးစောင့်ကြည့်ရေး အဖွဲ့ထားရှိပြီး အမြဲမပြတ် စောင့်ကြည့်နေလေ့ ရှိတယ်လို့ ကိုဇော်ထူးဆန်းက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်း
ဓာတ်ပုံ ပုံစာ, ပြင်သစ်သမ္မတ အီမန်နျူရယ် မာခွန်း

(၃) ပြင်သစ်မှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ သမ္မတပြော

ပြင်သစ်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်နေတဲ့ အင်္ကျီဝါဝတ် လှုပ်ရှားမှုကို တုံ့ပြန်တဲ့ အနေနဲ့ အခွန် လျှော့ကောက်တာ၊ ပင်စင်လစာ တိုးမြှင့်တာနဲ့ ပြည်သူ့ဝန်ဆောင်မှုကို ပြုပြင်ပြောင်းလဲတာတွေ လုပ်မယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ကတိပေးလိုက်ပါတယ်။

သမ္မတ နန်းတော်ကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မက်ခရွန်းက အခုလို ကတိပေးလိုက်တာပါ။

သမ္မတဟာ ဒီမိန့်ခွန်းကို ဧပြီလ ၁၅ ရက် ကတည်းက ပြောဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပေမဲ့ ပဲရစ်မြို့က ရှေးဟောင်း နော်ထရာဒမ် ဘုရားကျောင်းကြီး မီးလောင်မှု ဖြစ်ခဲ့လို့ အခုလို နောက်ဆုတ် ပြောခဲ့တာပါ။

ပြင်သစ်နိုင်ငံမှာ လောင်စာဆီ ဈေးနှုန်း မြင့်တက်တာ အထူးသဖြင့် စီးပွားရေး တန်းတူညီမျှမှု မရှိတာတွေကို ဒေါသဖြစ်နေသူတွေက အင်္ကျီဝါဝတ် ဆန္ဒပြ လှုပ်ရှားမှုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက စတင် ခဲ့ကြပါတယ်။

သမ္မတ မက်ခရွန်းက တော့ ဒီလှုပ်ရှားမှုရဲ့ အဓိက အခြေခံ အကြောင်းတရားကို အသိအမှတ်ပြုပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေဟာလည်း မျှတတယ်လို့ ပြောထားပါတယ်။

ဗီဒီယို ပုံစာ, လောင်ဆာဆီခွန် တိုးဖို့ကိစ္စ ပြင်သစ် ဆိုင်းငံ့
သီရိလင်္ကာမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုအပြီး မြင်ကွင်းတချို့
ဓာတ်ပုံ ပုံစာ, သီရိလင်္ကာမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုအပြီး မြင်ကွင်းတချို့

(၄) သီရိလင်္ကာ ဗုံးခွဲမှုက သေဆုံးသူ အရေအတွက်စာရင်း လျှော့ချ ကြေညာ

သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက် အီစတာပွဲတော်နေ့တုန်းက ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသူ အရေအတွက်ကို အရင် ကြေညာထားတဲ့ အရေအတွက်ထက် အယောက် ၁၀၀ လျှော့ချလိုက်ပြီး သေဆုံးသူ ၂၅၃ ဦး နီးပါး ရှိတယ်လို့ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစောပိုင်းတုန်းက သေဆုံးသူ ၃၆၀ နီးပါး အထိ ရှိတယ်လို့ အာဏာပိုင်တွေဘက်က ပြောထားတာပါ။ သေဆုံးသူ အရေအတွက်ကို မှားယွင်း တွက်ချက်မိတာတာ ဖြစ်ပြီး သေဆုံးသူတွေ ဘယ်သူ ဖြစ်တယ် ဆိုတာကို ခွဲခြားဖို့ ခက်ခဲတာကြောင့်လည်း ပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အီစတာပွဲတော်နေ့တုန်းက သီရိလင်္ကာ ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးဒဏ်ရာရသူ အများစုဟာ သီရိလင်္ကာ နိုင်ငံသားတွေ အများဆုံး သလို နိုင်ငံခြားသား တချို့လည်း ပါဝင်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၉ ဦး ကို ရဲက ဖမ်းထားပြီး တိုက်ခိုက်မှုမှာ ဆက်နွယ်တယ်လို့ မသင်္ကာသူ ၇ ဦးရဲ့ဓာတ်ပုံတွေကို ဖြန့်ဝေတာနဲ့ စီးနင်းရှာဖွေတာတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, သီရိလင်္ကာ အကြမ်းဖက်မှု ပျောက်ဆုံးသူတွေ ရှိနေဆဲ