ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို တပ်တွေဖြတ်သန်းဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, CHRO
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကိုဖြတ်ပြီး တပ်တချို့ ရောက်လာပြီး ဒေသခံတချို့ကို လမ်းပြအဖြစ် ခေါ်ဆောင်တာကြောင့် ဒေသခံတွေအတွက် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကား ၁၀၀ ကျော်ရောက်လာခဲ့ပြီး နောက်တနေ့ ဧပြီ ၂၂ ရက်နေ့မှာတော့ စစ်ကားအစီး ၅၀နဲ့ ခြေလျင်တပ်တချို့ဟာ ရေဇွာနဲ့ လိုင်လဲန်းပီ မြို့ကိုထွက်သွားတာ တွေ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျန်စစ်အင်အားတွေကတော့ မတူပီတောင်ပိုင်း ၊ မတူပီ-ပလက်၀ ကားလမ်း အတိုင်း တက်လာခဲ့ပြီး ပလက်ဝမြို့နယ်ထဲက ဝါလောင်ကုန်း နဲ့ ကန်နောင်ကျေးရွာက ရွာသား သုံးယောက်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကာ ပြန်လွှတ်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့က ဆလိုင်းတာရက ဘီဘီစီကို ပြောပါတယ်။
ဆလိုင်းတာရက " ဒီလို ခဏခဏ စစ်တပ်တွေဝင်လာတော့ မြို့ခံလူထုက စိုးရိမ်မှုတော့ရှိတယ်။ ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ မရှိပေမယ့် စစ်သားတွေနဲ့ သေနတ်တွေ တွေ့ရတော့စိုးရိမ်တာပေါ့။ အရင်လို ဒေသခံကို ပေါ်တာဆွဲတာတွေ ဖြစ်မှာလည်း စိုးရိမ်ကြတယ် " ပြောပါတယ်။
ရေဇွာနဲ့ လိုင်လဲန်းပီမြို့ကို သွားခဲ့တဲ့ စစ်ကြောင်းတွေကတော့ လိုင်လဲန်းပီမြို့မှာ ၂၃ ရက်နေ့အထိ တပ်တွေချထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vice President Henry Van Thio FB
တချိန်ထဲမှာပဲ ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူဟာ ဧပြီလ ၂၆ ရက်နေ့မှာ မင်းတပ် ၊ မတူပီ၊ ကန်ပက်လက်မြို့တွေကို လာရောက်ခဲ့ပါတယ်။
မတူပီကို တပ်တွေရောက်လာတာနဲ့ ပတ်သက်လို့ မတူပီမြို့ ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးဆာလားကတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေရှိလို့ တပ်တွေပိုတိုးချထားတယ်လို့ မြင်ကြောင်းနဲ့ ဒုသမ္မတခရီးစဉ် မတိုင်ခင်ကတည်းက တပ်တွေက ရောက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အခု ချထားတဲ့တပ်တွေက တပ်မ (၇၇) လက်အောက်ခံဖြစ်ပြီး လိုင်လဲန်းပီမြို့ကနေ အခုအခါ ပလက်ဝဘက်ကို ကုလားတန်မြစ်ကြောင်းအတိုင်း ခြေလျင်ချီတက်သွားတယ်လို့ ဒေသခံ တချို့က ပြောကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်တပ်တွေ အလုံးအရင်းနဲ့ရောက်ရှိလာတာဟာ ၂၀၁၉ခုနှစ်အတွင်း နှစ်ကြိမ်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီလတုန်းကလည်း တပ်မ (၅၅) လက်အောက်ခံတပ်ရင်းတွေက စစ်ကားတွေလည်း အင်အားအလုံးအရင်းနဲ့ မတူပီမြို့ကို ဝင်ရောက်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောခဲ့ပါတယ်။





















