မြန်မာ့မီးရထားနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေအပါအဝင် အစိုးရရဲ့ စီးပွားရေးလုပ်ငန်း ၁၂ ခုအရှုံးပေါ်နေအပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Soe Than Win /AFP / GettyImages
အစိုးရ လုပ်ငန်းကြီး ၁၂ ခု ကျပ်သန်းချီ အရှုံးပေါ်နေ
၂၀၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ရှစ်ထောင်နီးပါးနဲ့ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျတ် ကျပ်သန်းပေါင်း လေးထောင်နီးပါးအရှုံးပေါ်နေတဲ့ မြန်မာ့မီးရထားလုပ်ငန်းအပါအဝင် အစိုးရရက လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၁၂ ခု အရှုံးပေါ်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီရဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရသုံးဆိုင်ရာ လေ့လာတွေ့ရှိချက်အစီရင်ခံစာတွေထဲမှာ ပါရှိပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စီးပွားရေးလုပ်ငန်းပေါင်း ၈ ခု အထိ အရှုံးပေါ်ပြီး ၂၀၁၈ ခုနှစ် ဘတ်ဂျတ်တိုကာလမှာတော့ လုပ်ငန်းပေါင်း ၁၂ ခု အထိ အရှုံးပေါ်တယ်လို့ အဲဒီအစီရင်ခံစာတွေမှာ ပါရှိပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့မီးရထားနဲ့ ပြည်တွင်းရေးကြောင်း အပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၈ ခု က ကျပ်သန်းပေါင်း ခြောက်သိန်းကျော် (၆၀၀ ဘီလီယံ) နဲ့ ၂၀၁၈ ခုနှစ် ဘတ်ဂျတ်တိုကာလမှာတော့ မြန်မာမီးရထားတို့လို အဲဒီဌာနတွေသာ ပါဝင်တဲ့ လုပ်ငန်းပေါင်း ၉ခုက ကျပ်သန်းပေါင်း လေးသိန်းကျော်အရှုံးပေါ်တယ်လို့ ပါရှိပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာအထိ ခြောက်လ ရသုံးခန့်မှန်းခြေစာရင်းအရတော့ ဌာန ၉ခုအထိ အရှုံးပေါ်တယ်လို့ ဆိုထားပေမယ့် ၂၀၁၉ခုနှစ် ဧပြီလ ၂၉ ရက်မှာထုတ်တဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအရ (၆/၂၀၁၉) မှာတော့ မြန်မာဆေးဝါး လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနဲ့ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ မြန်မာ့ ရေနံနဲ့ဓါတုဗေဒလုပ်ငန်းတို့ပါ အရှုံးပေါ်နေတယ်လို့ထပ်တိုးဖော်ပြထားပါတယ်။
အရှုံးပေါ်တဲ့အစိုးရလုပ်ငန်းတွေထဲကမှ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းက အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ မြန်မာ့မီးရထားနဲ့ စက်မှုဝန်ကြီးဌာနအောက်က အမှတ် ၁၊ ၂၊ ၃ အကြီးစားစက်မှု လုပ်ငန်းတွေ အပြင် မြန်မာ့ဆေးဝါးလုပ်ငန်းတို့ဖြစ်ပါတယ်။
စက်မှုဝန်ကြီးဌာနအောက်မှာ စီမံခန့်ခွဲရေးလုပ်ငန်းများလုပ်ဆောင်တဲ့ ဦးစီးဌာနနှစ်ခုနဲ့ စက်မှုလက်မှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်ဆောင်တဲ့ အစိုးရစီးပွားရေးလုပ်ငန်း ၄ခုရှိပါတယ်။ အစီရင်ခံစာတွေ အရ စီးပွားရေးလုပ်ငန်း လေးခုလုံးကအရှုံးပေါ်တဲ့ စာရင်းတွေထဲမှာပါရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CTUM MYANMAR
မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သမားအဖွဲ့ပေါင်း သုံးထောင်နီးပါးရှိ
မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သမားအဖွဲ့စည်းပေါင်း ၂,၉၃၂ ဖွဲ့ အထိရှိပြီလို့ နိုင်ငံတော်သမ္မတရဲ့ အလုပ်သမားနေ့ အထိမ်းအမှတ် ပြောကြားတဲ့ မိန့်ခွန်းသဝဏ်လွှာထဲမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမား များအဖွဲ့ အစည်းများ၊ မြို့နယ်အဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့ချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့ချုပ် အစရှိတဲ့အဖွဲ့တွေကို ၂၀၁၁ခုနှစ်၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေအရဖွဲ့စည်းခွင့် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အစိုးရအနေနဲ့လည်း အလုပ်သမားတွေရဲ့ ဘဝတစ်ဆင့်ပြီး တစ်ဆင့်တိုးတက်နိုင်ရေး အတွက် ကောင်းမွန်တဲ့မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အလေးပေးဆောင်ရွက်နေတာ ဖြစ်လို့ အလုပ်ရှင်၊ အလုပ်သမားနဲ့ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဟန်ချက်ညီညီကြိုးပမ်းစေလိုကြောင်း မေလ ၁ရက် အလုပ်သမားနေ့မှာ သမ္မတဦးဝင်းမြင့်က ထုတ်ပြန်ချက်ထုတ်ပြန်ကာ တိုက်တွန်းပြောကြား ပါတယ်။
ဒါအပြင်၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်ဖို့ အမျိုးသားအဆင့်သုံးပွင့် ဆိုင်ဆွေးနွေးပွဲကို ၄ လ တစ်ကြိမ်ပြုလုပ်နေပြီး အဲဒီကတစ်ဆင့် အလုပ်သမားဥပဒေပြင်ဆင်ရေးအပါအဝင် အလုပ်သမားအရေးကိစ္စရပ်တွေကို ဆွေးနွေးအတည်ပြုဆုံးဖြတ်ပေးနေတယ်လို့ သမ္မတဦးဝင်းမြင့်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
လက်ရှိကာလတွေမှာတော့ အလုပ်ရှင်အလုပ်သမားအရေးတွေက မကြာခဏဖြစ်ပေါ်နေပါတယ်။ ဒါကလည်း အလုပ်သမားတွေက လုပ်အားလခနည်းပါးစွာရရှိတာ၊ ဥပဒေအရခွင့်ပြုပေးထားတဲ့ ခွင့်ရက်တွေ မရရှိတာတွေနဲ့ ပက်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားအကြားအငြင်းပွားမှု အများဆုံးဖြစ်ပေါ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်မှာ ဧကရာဇ်အသစ် ထီးနန်းဆက်ခံပြီ
သမိုင်းဝင်၊ သက်ရှိထင်ရှားဧကရာဇ် အကီဟီတိုက ထီးနန်းစွန့်ပြီးနောက်တစ်ရက်အကြာမှာပဲ သူသား နာရူဟီတိုက ဂျပန်နိုင်ငံရဲ့ ဧကရာဇ်အဖြစ် မေလ ၁ရက်နေ့မှာ ထီးနန်းကဆက်ခံခဲ့ပါတယ်။
နာရူဟီတိုဟာ မနေ့က သန်းခေါင်အချိန်မှာပဲ နိုင်ငံရဲ့ဧကရာဇ်အဖြစ်ကို ရောက်ရှိခဲ့ပေမယ့်၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ထီးနန်းဆက်ခံတာကို အခမ်းအနားနဲ့ မတ်လ ၁ရက်နေ့၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပြုလုပ်ပြီး ထီးနန်းဆက်ခံခဲ့ပါတယ်။
နာရူဟီတိုရဲ့ ထီးနန်းအရိုက်အရာဆက်ခံတဲ့ခေတ်ကိုတော့ Reiwa လို့သတ်မှတ်ပါတယ်။ ဒါကတော့ အစီအစဉ်ကျလိုက်လျောညီထွေမှုရှိတဲ့ အခြေအနေကို စတင်ခဲ့ပြီလို့ ဆိုလိုပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဧကရာဇ်အပါအဝင် တော်ဝင်မိသားစုတွေမှာနိုင်ငံရေးအာဏာကိုရရှိခြင်းမရှိပေမယ့် နိုင်ငံရဲ့ အမျိုးသားသရုပ်လက္ခဏာအဖြစ်သတ်မှတ်ကြပါတယ်။
အခုနန်းစွန့်သွားတဲ့ အကီဟီတိုက အသက် ၈၅ နှစ်ရှိနေပြီး၊ ကျန်းမာရေးအရ နန်းစဉ်တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးလို့ယူဆပြီး နှစ်ပေါင်း ၂၀၀ အတွင်း သက်ရှိထင်ရှားနန်းစွန့်တဲ့ ဧကရာဇ် တစ်ပါး အဖြစ် နန်းစွန့်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY
အမေရိကန်ကျောထောက်နောက်ခံအာဏာသိမ်းတဲ့လုပ်ရပ်ကို သူရင်ဆိုင်အနိုင်ရရှိမယ်လို့ မဒူရို ကြွေးကြော်
ဗင်နီဇွဲလားနိုင်ငံမှာတော့ သမ္မတ နစ်ကိုးလက်စ် မဒူရိုဟာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက် ပြီးနောက်တစ်ရက်မှာပဲ ရုပ်သံမိန့်ခွန်းပြောကြားလိုက်ပါတယ်။
သမ္မတကတော့ အမေရိကန်ရဲ့နယ်ချဲ့ဝါဒကျောထောက် နောက်ခံမှုနဲ့ပြုလုပ်တဲ့ အာဏာသိမ်းလုပ်ရပ်ကို ရင်ဆိုင်တဲ့နေရာမှာ သူပဲ အနိုင်ရမယ်လို့ သမ္မတ ကပြောထားပါတယ်။
ဒီမတိုင်ခင်တုန်းကတော့ သမ္မတ မဒူရိုဟာ ကျူးပါးနိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးဖို့ အသင့်ပြင်နေခဲ့တယ်လို့လည်းဆိုကြပါတယ်။ ဒါပေမဲ့ နိုင်ငံ ထဲကနေ မထွက်သွားဖို့ ရုရှားဘက်က သမ္မတကို ဖျောင်းဖျခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ကပြောထားပါတယ်။
သမ္မတ မဒူရိုကို ရာထူးကနေ ထွက်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဟွမ်ဂိုင်ဒိုကတော့ သူကသာ ဗင်နီဇွဲလားရဲ့တရားဝင် သမ္မတဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါ့ပြင် သမ္မတ နုတ်ထွက်ရေး ဆန္ဒပြတာတွေကို ဒီကနေ့မှာ ဆက်လုပ်သွားမယ်လို့လည်း ဟွမ်ဂိုင်ဒိုကပြောထားပါတယ်။ နောက်ဆုံးရတဲ့ သတင်းတွေအရ သမ္မတ မာဒူရိုတဲ့ အတွင်းလူ ၃ ဦးဟာ သမ္မတ နုတ်ထွက်ပေးရမယ်ဆိုတဲ့ အတိုက်အခံရဲ့တောင်းဆိုချက်ကို လက်ခံခဲ့ပြီးမှ နောက်ပြန်လှည့်သွားခဲ့တယ်လို့ အမေရိကန်အရာရှိတွေကပြောထားပါတယ်။
သမ္မတ မာဒူရိုရဲ့အုပ်ချုပ်မှု အဆုံးသတ်ရေးလုပ်ဆောင်တဲ့နေရာမှာ စစ်တပ်အနေနဲ့ သူ့ဘက်ကနေ အကူအညီပေးဖို့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂိုင်ဒိုက စစ်တပ်ကို တောင်းဆိုအပြီးမှာ အခုသတင်းထွက်ပေါ်လာတာပါ။ ဒါပေမဲ့ သမ္မတ မဒူရို ကို ထောက်ခံတဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကတော့ မစ္စတာ ဂိုင်ဒိုဟာ အာဏာသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပါတယ်။




















