တောင်ငူ ရဲစခန်းရှေ့ကားပျက်တစ်စင်း အတွင်း ကလေးနှစ်ဦး အလောင်းတွေ့

ဓာတ်ပုံ ရင်းမြစ်, zeyar ko
ပုပ်ပွသေဆုံးနေတဲ့ အသက်၆ နှစ်ခန့် အရွယ် လေလွင့်ကလေးငယ်နှစ်ဦး အလောင်းကို တောင်ငူမြို့ အမှတ်၂ ရဲ စခန်းရှေ့ ကားပျက် အတွင်းမှာ ရဲက ရှာဖွေတွေ့ရှိခဲ့ တယ် လို့ ဒေသခံ သတင်းထောက် တစ်ဦး က ဘီဘီစီကို ပြောပါတယ်။
မေလ ၅ ရက် နေ့ မနက်ပိုင်း က တောင်ငူ ရဲစခန်းရှေ့ ကားပျက်များထားရာ နေရာမှာ အပုပ်နံ့တွေ ထွက်လာလို့ တာဝန်ကျ ရဲတပ်ဖွဲ့ကစစ်ဆေးရှာဖွေရာမှာ အသက် ၆ နှစ်ခန့်အရွယ် မအိဖြူဝင်းနှင့် မယမင်းတို့ကို ပုပ်ပွသေဆုံးလျှက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကလေးငယ် နှစ်ဦးစလုံးဟာ တောင်ငူမြို့ ဗောဒိသာရ သုသာန်အနီး စိန်ပန်းမြိုင်ရပ်နေ လေလွင့်ကလေးငယ်တွေ ဖြစ်တယ်လို့ ရဲက အတည်ပြုပါတယ် ။
ရဲတပ်ဖွဲ့ ဘက်ကတော့ ကလေးတွေဟာ ကားထဲမှာ အောက်စီဂျင် ပြတ်လို့ သေဆုံးတာ ဖြစ်နိုင်တယ် ဆိုပြီး ကနဦး သုံးသပ် ပါတယ်။
အမှုအခင်း အမျိုးမျိုးကြောင့် တောင်ငူ ရဲတပ်ဖွဲ့က သိမ်းထားတဲ့ ကား ၈ စီး ဝန်းကျင် ရဲစခန်းနား ရှိနေပြီး အဲဒီထဲ ကလေးတွေ ဝင်နေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
တောင်ငူ ဗောဒိသာရသုသာန်အနီး စိန်ပန်းမြိုင်ရပ်မှာ လေလွင့်ကလေးငယ် အယောက် ၃ဝ လောက် ရှိပြီး တော့ အဲဒီ ကလေးတွေဟာ တောင်ငူမြို့အနီးတဝိုက် လှည့်လည် တောင်းရမ်း စားသောက်လေ့ရှိသူတွေလို့လည်း ဒေသခံ သတင်းထောက်ကပြောပါတယ်။
ရဲက ခန့်မှန်းတာကတော့ ဒီ ကလေးတွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက သေဆုံးနေ တယ်လို့ခန့်မှန်းထားပြီး အခု ရင်ခွဲရုံမှာ ကလေး အလောင်းတွေ ကို ခွဲစိတ်ပြီး စစ်ဆေးနေတယ်လို့လည်း ဒေသခံ သတင်းထောက်ကနေ တဆင့်သိရပါတယ်။















