စစ်ဆင်ရေးသတင်းကြောင့် အမ်းမြို့ပေါ်မှာ ဒုက္ခသည်တွေ တိုးလာ

စစ်ဘေးရှောင်သူတွေ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အလယ်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ တပ်မတော်က စစ်ဆင်ရေးလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ အခုရက်ပိုင်းအတွင်း စစ်ဘေးဒုက္ခသည်တွေ တိုးလာနေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

အမ်းမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ရခိုင်ရိုးမပေါ်မှာ တည်ရှိပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်း ထွက်ပြေးလာသူတွေဟာ အမ်းမြို့နယ် အနောက်ဘက် ဒါးလက်ချောင်းအတွင်းမှာရှိတဲ့ ကျေးရွာသားတွေဖြစ်ပါတယ်။

ဒါးလက်ချောင်းအတွင်းမှာ ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး ရခိုင်နဲ့ချင်းလူမျိုးတွေစုပေါင်းနေထိုင်နေကြတဲ့ ဒေသဖြစ်ပါတယ်။

အဲ့ဒီဒေသကလူတွေဟာ ဇွန်လ ၂၈ ရက်မှာ ကား ၁၁ စီး၊ ၂၉ ရက်မှာ ၁၂ စီး၊ ၃၀ ရက်မှာ အစီး ၂၀၊ ဇူလိုင်လ ၁ ရက်မှာ ကား ၁၀ စီး၊ ၂ ရက်မှာ ၃ စီး၊ ၃ ရက် ဒီကနေ့မှာဆိုရင် ၁၂ စီးထိ လူတွေအပြည့်တင်ဆောင်ပြီး နေရပ်စွန့်ခွာနေကြတာကို တွေ့နေရတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

"အဲ့ဒီလူတွေအတွက် တပ်မတော်က ကားတွေ စီစဥ◌်ပေးတယ်လို့ သိရတယ်။ ၂၈ ရက်နေ့ကနေ ဒီနေ့အထိဆိုရင်တော့ လူဦးရေ ထောင်ကျော်နေပြီ။ အမ်းမြို့ပေါ်ကို ရောက်တာက ၅၀၀ ကျော်လောက်ပဲ ရှိသေးတယ်။ အဲ့ဒီလူတွေကို တပ်မတော်က ဘယ်နေရာတွေမှာ နေရာချထားပေးနေလဲမသိဘူး"လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်သူတွေ
ဓာတ်ပုံ ပုံစာ, နယ်မြေရှင်းလင်းရေး ထုတ်ပြန်ချက် နောက်ပိုင်းမှာ ဒေသခံသုံးသောင်းနီးပါးလောက် နေရပ်စွန့်ခွာခဲ့ကြပါတယ်။

ဒါ့အပြင် အရင်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် အဆက်အသွယ်ပြတ်တောက်နေသူတချို့ လည်း ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရ တယ်လို့ သိရပါတယ်။

"ပထမခါတော့ ထွက်ခွင့်လည်းမပေးဘူး။ ဝင်ခွင့်လည်းမပေးဘူး။ ပိတ်ထားတယ်။

နောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး ဇွန်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့မှာ ထွက်ပေးရမယ်ဆိုတဲ့ နှုတ်မိန့်နဲ့ လာပြောတဲ့အတွက် ဒေသခံတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်"လို့ ဦးမျိုးလွင်က ပြောပါတယ်။

ဇွန်လ ၂၇ ရက် ညနေပိုင်းမှာ ဒါးလက်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားပြီး နတ်မော်ကျေးရွာအတွင်းမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် လူနှစ်ဦးသေပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။

အရင်က အမ်းမြို့ပေါ်မှာ စစ်ဘေးရှောင်အရေအတွက် စခန်းနှစ်ခုပေါင်း ၈၀၀ ဝန်းကျင်ရှိခဲ့ပြီး အဲ့ဒီလူတွေဟာ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမနံဘေးမှာရှိတဲ့ မဲလက်မောင်းအုပ်စုနဲ့ ကဇူးကိုင်းအုပ်စုအတွင်းက ကျေးရွာသားတွေ ဖြစ်ကြပါတယ်။

စစ်ဘေးရှောင်သူတွေ

အဲ့ဒီဒေသဟာ ရခိုင်ရိုးမအစွန်မှာတည်ရှိတဲ့ ကုန်းမြင့်ဒေသဖြစ်တာကြောင့် သွားရေးလာရေးခက်ခဲသလို တိုက်ပွဲဖြစ်ပွားရာနေရာတွေ ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

၂၀၁၉ တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့အတွက် အမ်းမြို့နယ်အတွင်း မြို့ပေါ်အားကစားကွင်းနဲ့ ပဲပဒုံ ကျေးရွာတွေမှာ အစိုးရကတရားဝင်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီစခန်းနှစ်ခုအပြင် သီးခြားနေထိုင်နေတဲ့ ဒုက္ခသည်တွေလည်း အမ်းမြို့ပေါ်မှာ အများအပြားရှိတယ်၊ စခန်းနှစ်ခုပေါင်း ဒုက္ခသည် ၁၅၀၀ လောက်အထိ ရောက်လာပြီး စခန်းပြင်ပမှာနေထိုင်သူတွေလည်း အများအပြားရှိနေတယ်လို့ ဦးမျိုးလွင်က ပြောပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်မယ့်ထုတ်ပြန်ချက် ထွက်လာပြီးနောက်ပိုင်းမှာ နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံအရေအတွက်ဟာ ရသေ့တောင်မြို့မနယ်မြေ၊ ကျောက်တန်းနယ်မြေနဲ့ မိုးစဲကျွန်း (ကူတောင်တိုက်နယ်)တွေက ဒေသခံပေါင်း သုံးသောင်းနီးပါးလောက်ဟာ နေရပ်စွန့်ခွာမှုဖြစ်ပွားခဲ့ကြပါတယ်။

အမ်းမြို့ပေါ်ကိုထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ထပ်များလာရင် စားရေးသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်အရေအတွက် ဇွန်လဆန်းပိုင်းမှာ တစ်သိန်းခွဲကျော်အထိ ကျဆင်းသွားခဲ့ပေမယ့် ဇူလိုင်လဆန်းပိုင်းမှာတော့ ပြန်မြင့်လာပြီး စုစုပေါင်း ၁၉၀,၀၀၀လောက်အထိ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ထံက သိရပါတယ်။