ပလက်ဝမှာ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ချင်းပြည်နယ် ပလက်ဝမြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီကျော်လောက်က မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့ပေါ်က အမျိုးသမီးသုံးဦးဟာ ပလက်ဝမြို့အရှေ့ဘက် ကုလားတန်မြစ်တစ်ဖက်မှာရှိတဲ့ တောင်တန်းကို မျှစ်သွားခူးရာမှာ တစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့အတွက် ခြေနှစ်ဖက်နဲ့ လက်တစ်ဖက်ပြတ်သွားပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
"အောင်စေတီခြေရင်းမှာ ဖြစ်တာ။ မျှစ်ခူးဖို့သွားတဲ့အခါ မိုင်းနင်းမိတာလို့ပြောတယ် သူတို့က။ ပလက်ဝမြို့ကပါ။ သူ့ယောက်ျားက မီးသတ်ကပါ။ သူတို့မှာ သွားတာက သုံးယောက်။ အသက် ၅၀ လောက်အမျိုးသမီးတစ်ယောက်၊ နောက်ထပ် အသက် ၄၀ ကျော်နှစ်ယောက် သွားတာ။ နှစ်ယောက်ပြန်လာပြီးမှ ပြောလို့ သယ်ဖို့သွားတာမှာ သေနေပြီ။ ခြေနောက်နှစ်ဖက်နဲ့ လက်တစ်ဖက်က ပြတ်သွားတယ်"လို့ ပလက်ဝမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ဒေါ်မေနုသိန်းမှာ အသက် ၇ နှစ်အရွယ်သမီးတစ်ဦးနဲ့ အသက် ၃ နှစ်အရွယ် သားတစ်ယောက် ကျန်းခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာဟာ ပလက်ဝမြို့ အရှေ့တတည့်တည့်နေရာဖြစ်ပြီး ကလက်ချောင်းဝအနီးမှာ ဖြစ်ပွားခဲ့ပါ။ အဲ့ဒီအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဧပြီလ ၂၂ ရက်နေ့ကတော့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ တိုက်ပွဲအတွင်း ဘဏ်မှာ လက်နက်ကြီးကျလို့ လူလေးယောက် သေဆုံးဖူးပါတယ်။ မကြာမကြာ ပစ်ခတ်တာတွေတော့ ရှိပါတယ်။ အဲ့ဒီနေရာမှာ အနီးဆုံးရှိတဲ့ စစ်တပ်ကတော့ ခလရ ၂၈၉ ပါ"လို့ ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပေမယ့် အသွားအလာကန့်သတ်ထားတာတို့ တားမြစ်ထားတာတို့မရှိကြောင်းနဲ့ ပလက်ဝဒေသခံတွေကလဲ ဟင်းရှာ၊မျှစ်ခူး မကြာခဏသွားလာနေတဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလိုမျိုး ဒေသခံတွေ ဟင်းရှာသွားရင်း မိုင်းနင်းမိပြီးသေဆုံးရတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တိုက်ပွဲတွေကို ရပ်စဲပေးစေချင်တယ်လို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေ မီးရှို့ခံလိုက်ရတာတွေ၊ ကျေးရွာတွေကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေ ပလက်ဝမြို့ပေါ်မှာ အများအပြားရှိနေတာ ဖြစ်ပါတယ်။



















