မင်းပြားမှာ ညဘက်စက်လှေနဲ့သွားလာနေတဲ့ မွတ်ဆလင် ၃ ဦးပစ်သတ်ခံရ

မင်းပြားမှာ တိုက်ပွဲတွေပြန်ဖြစ်
ဓာတ်ပုံ ပုံစာ, မင်းပြားမှာ တိုက်ပွဲတွေပြန်ဖြစ်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ အောက်တိုဘာ ၅ ရက်နေ့ည ၁၀ နာရီခွဲလောက်က မြို့တွင်းချောင်းထဲ စက်လှေနဲ့သွားလာနေတဲ့ မွတ်ဆလင်အမျိုးသားသုံးဦး ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ပစ်ခတ်ခံရလို့သေဆုံးသွားခဲ့တဲ့ မွတ်ဆလင်သုံးဦးတို့ဟာ လက်မကျေးရွာကလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ သူတို့ရဲ့ ကျေးရွာတွေကိုတော့ တိတိကျကျမသိရသေးဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

အဲ့ဒီမွတ်ဆလင် သုံးဦးတို့ဟာ မနေ့ကညအချိန် မင်းပြားမြို့မဈေးကြီးနဲ့ ဦးစိုးတင့်ရပ်ကွက်အကြား ချောင်းထဲမှာ စက်လှေနဲ့သွားလာနေကြတဲ့အချိန် ကင်းလှည့်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ တွေ့ပြီး အခုလိုပစ်ခတ်ခံလိုက်ရပြီးတော့ ဒဏ်ရာတွေနဲ့ ချောင်းထဲမှာသေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မင်းပြားမြို့ခံတစ်ဦးက ဘီဘီစီကို ပြောဆိုပါတယ်။

တပ်မတော်ဘက် ကိုတော့ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ် အတည်ပြုလို့မရခဲ့ပါဘူး။

မင်းပြားမြို့ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

"မနေ့က ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ တပ်ကမြို့ကိုပတ်ပြီးတော့ ကင်းလှည့်တယ်။ အဲ့ဒီအချိန်မှာ ဈေးအနီးမှာရှိတဲ့ ချောင်းထဲမှာ သွားနေတဲ့စက်လှေကို ဦးစိုးတင့်တံတားပေါ်ကနေ ပစ်ခတ်ခဲ့တယ်။ အဲဒီမှာလူသုံးဦးသေတယ်။ သေတဲ့လူတွေက မွတ်ဆလင်တွေပဲ။ ပြီးတော့ ငါးရှာဖားရှာ သွားတဲ့ ရခိုင်သုံးဦးကိုလည်း အဲ့ဒီတံတားပေါ်မှာ ရိုက်နှက်ပြီးတော့ ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။"လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူသုံးဦးတို့ရဲ့ အလောင်းတွေကို မနက်ပိုင်းမှ မင်းပြားဆေးရုံကို ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အချိန်မှာ ဒေသခံတွေအနေနဲ့ အခုလိုမျိုးအပြင်ထွက်သွားလာမှု တွေရှိနေတာဟာ သူတို့ရဲ့ မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်း ၈ နာရီဝန်းကျင်လောက်မှာတော့ မင်းပြားမြို့ အခြေစိုက် တပ်ရင်းတွေကနေ မြို့ရဲ့အရှေ့ဘက်တောင်ကြောတွေဆီကို လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ကပ်ဘေးနဲ့အတူ စစ်ဘေးကိုပါရင်ဆိုင်နေရတဲ့ ရခိုင်စစ်ရှောင်တွေ
ဓာတ်ပုံ ပုံစာ, ကပ်ဘေးနဲ့အတူ စစ်ဘေးကိုပါရင်ဆိုင်နေရတဲ့ ရခိုင်စစ်ရှောင်တွေ

မနေ့ညကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်လူမျိုးသုံးဦးတို့ကို တပ်ထဲခေါ်သွားပြီး ဒီကနေ့ အောက်တိုဘာလ ၆ ရက် မနက်ပိုင်းမှာတော့ မင်းပြားမြို့မရဲစခန်းကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။

"ကျွန်တော်လဲ မနေ့ကည စောစောအိပ်သွားတော့ အဲ့ဒီဖြစ်စဉ်ကို မသိလိုက်ဘူး။ မနက်ပိုင်းမှာပဲ မေးကြည့်မှသိရတာပါ။ မွတ်ဆလင်သုံးဦးက အပစ်ခံရလို့သေတယ်။ ဖမ်းဆီးခံရတဲ့ ရခိုင်သုံးဦး ကိုတော့ ဒီမနက်ပိုင်းမှာ ရဲစခန်းကိုလာပြီးပို့ခဲ့တယ် လို့သိရတယ်။ အလောင်းတွေကိုတော့ လက်မရွာသား တွေလာယူတယ်လို့ သိရပါတယ်။"လို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ တိုက်ပွဲတွေ ယာယီရပ်တန့်သွားခဲ့ ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂ ရက်နေ့ကစတင်ပြီးတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာတော့ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီးဝန်းကျင်မှာ တပ်မတော်နဲ့ အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။