ရသေ့တောင်မှာ တိုက်ပွဲ ဆက်ပြင်းထန်၊ ရွာသားလေးဦး ထပ်ဒဏ်ရာရ

ရသေ့တောင်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး အောက်တိုဘာ ၁၄ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသားလေးဦး ထပ်မံဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်တွေဟာ မေယုမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ပြာပင်ရင်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသားတွေ ဒဏ်ရာရရှိခဲ့တယ်လို့ ပြာပင်ရင်းကျေးရွာသား ဦးဦးရွှေသန်းက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ရွာသားလေးဦးတို့အနက် တချို့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ သိရကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူ လေးဦးစလုံးမှာ ပြာပင်ရင်းကျေးရွာက အမျိုးသားတွေဖြစ်ကြပြီး အသက် ၂၇ နှစ်ကနေ ၅၇ ကြား အမျိုးသားတွေ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ အဲ့ဒီဒဏ်ရာရရှိသူ လေးဦးတို့ကို မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ပေးခဲ့တယ်လို့ ကျေးရွာသား ဦးဦးသန်းရွှေက ပြောပါတယ်။

နေ့လယ်ပိုင်းမှာ မြစ်အရှေ့ဘက်ကမ်းကနေ လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး မေယုမြစ်အတိုင်း ဆင်းလာတဲ့ တပ်မတော် ဇက်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ရွာသားတွေကျေးရွာစာသင်ကျောင်းမှာ ပုန်းခိုနေချိန် လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာ ၃ ရက်နေ့ကနေ တပ်မတော်နဲ့ အေအေတို့အကြားနှစ်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး ၇ ရက်အကြာထိတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာက ရသေ့တောင်မြို့ရဲ့ မြောက်ဘက် ၅ မိုင်ပတ်ဝန်းကျင်အကွာ မေယုမြစ်ကမ်းအရှေ့ဘက် ခြမ်းမှာရှိတဲ့ ကျောက်တန်း၊ အောင်သာစည်၊ ထီးစွဲကျေးရွာတွေမှာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတစ်ဦး

အဲ့ဒီတိုက်ပွဲဟာ စခန်းသိမ်းတိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပွားနေကြတာဖြစ်ပြီး တပ်မတော်ဘက်က ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေ ပြုလုပ်နေကာ နှစ်နှစ်ကျော်အကြာဖြစ်နေတဲ့ တိုက်ပွဲတွေထဲ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှု ၆ ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုံးသီးတွေ ကျရောက်ပြီးတော့ အောင်သာစည်ကျေးရွာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မီးလောင်သွားတာက အောင်သာစည်ကျေးရွာ၊ အမြောက်ဆံကျတဲ့နေရာတွေမှာ မီးလောင်တာလို့ သိရတယ်။ အိမ်ဘယ်လောက် လောင်သွားတယ်ဆိုတာကတော့ မသိနိုင်ဘူး။ အဲ့ဒီနေရာမှာ လူတွေ တစ်ယောက်မှ မရှိတော့ဘူးလေ။ သုံးမိုင်အကွာမှာမှ ကျေးရွာတွေရှိတယ်"လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

မနေ့ကဖြစ်စဉ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အောင်သာစည်ကျေးရွာဟာ အိမ်ခြေပေါင်း ၇၆ လုံး ရှိပြီး တပ်မတော်ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်တွေကျရောက်ပြီး မီးလောင်ခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် တပ်မတော်ကတော့ အေအေတပ်ဖွဲ့ဝင်တွေ အဆုတ်မှာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောင်သာစည်ကျေးရွာရဲ့ အထက်ဖက် သုံးမိုင်ဝန်းကျင်အကွာက ရေပုတ်၊ လိုင်ဂွင်၊ သောင်းဒရား၊ ရွာသစ်ကေ စတဲ့ကျေးရွာတွေမှာတော့ လူတွေနေထိုင်လျက်ရှိနေသေးတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရသေ့တောင်မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး ကြရသူပေါင်း နှစ်ထောင်ကျော်ခန့် ရှိနေပြီး မေယုကမ်းဒေသကျေးရွာတွေက ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ဆိုပါတယ်။

လက်ရှိမှာ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေက ကျေးရွာသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေး နေကြရပြီး လူနေထိုင်လို့မရတော့တဲ့ ကျေးရွာပေါင်း ၄၀ ကျော်အထိ ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီထဲက လူဦးရေ ၃ သောင်းကျော်ဟာ ရသေ့တောင်မြို့ပေါ်မှာ ခိုလှုံနေကြသလို စစ်တွေမြို့ပေါ်မှာလည်း ခိုလှုံနေကြသူတွေ ရှိနေပါတယ်။