ခရမ်းမြို့ပေါ်နဲ့ကျေးရွာတွေက အုပ်ချူပ်ရေးမှူးအားလုံး နုတ်ထွက်

ခရမ်းမြို့ပေါ်ကျေးရွာအတွင်းက အုပ်ချူပ်ရေးမှူးအားလုံး နုတ်ထွက်
ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၅၆ ရွာမှာရှိတဲ့အုပ်ချုပ်ရေးမှူးအားလုံး ကျန်းမာရေးမကောင်းတဲ့အကြောင်းပြချက်တွေနဲ့ နုတ်ထွက်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။

"အခုလောလောဆယ်တော့ ဧည့်စာရင်းမတိုင်ရတော့ဘူး။ တခြားထောက်ခံစာတွေဘာတွေလုပ်တာ‌‌ တော့အခက်အခဲတော့ရှိတာပေါ့။ ဒါပေမဲ့ အခုမြို့ဝင်မြို့ထွက်ဂိတ်တွေမှာစစ်ရင် မှတ်ပုံတင်ပြပြီး သွား လာနေကြတယ်" လို့ခရမ်းဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

ဒီလိုအုပ်ချုပ်ရေးမှူးနုတ်ထွက်မှုတွေဟာဆိုရင် ခရမ်းဒေသကာကွယ်ရေးတပ်တွေဘက်က စစ်ကောင်စီ လက်အောက်မှာလုပ်ကိုင်နေတဲ့အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ဖို့သတိပေးစာထုတ်ပြန်တဲ့ ၁၀ ရက် အတွင်းမှာ နုတ်ထွက်တာဖြစ်ပြီး အခြေခံအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းအောင်လုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ခရမ်းဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

အခု လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားအတွက် ခရမ်းဒေသကာကွယ်ရေးတပ်တွေ အနေနဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်းဖွဲ့စည်းထားပြီးဖြစ်လို့မကြာခင်မှာ ခရမ်းမြို့အခြေခံအုပ်ချုပ်ရေးပိုင်းအတွက် လုပ်ဆောင်မှုတွေထုတ်ပြန်သွားမယ်လို့ ခရမ်းဒေသကာကွယ်ရေးတပ်ဘက်က ပြန်ကြားရေးတာဝန်ရှိသူ ကပြောပါတယ်။

စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတိုက်ပွဲတွေပြင်းထန်လာပြီး နောက်ပိုင်းမှာ တိုင်းဒေသကြီးတချို့မှာဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်တွေအနေနဲ့သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုနုတ်ထွက်ဖို့သတိပေးစာတွေထုတ်ပြန်လာပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့အုပ်ချူပ်ရေး မှူး ၁၀၀ ဝန်းကျင်ရှိတယ်လို့စစ်ကောင်စီဘက်က ထုတ်ပြန်မှုတွေရှိသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး တွေမှာ ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေပါတယ်။