နယ်ခြားစောင့်ဖွဲ့ရေး ဒီကေဘီအေနဲ့ မပြတ်သေး

ဒီကေဘီအေ စခန်းတခု
ဓာတ်ပုံ ပုံစာ, ဒီကေဘီအေ စခန်းတခု
ရေးသားခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ရေးနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကရင်ဗုဒ္ဓဘာသာအဖွဲ့နဲ့ နေပြည်တော်ကလာတဲ့ မြန်မာစစ်အစိုးရရဲ့ တာဝန်ရှိသူတွေကြား ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့တွေက မြဝတီမြို့မှာ ဆွေးနွေးခဲ့ပေမယ့် မပြီးပြတ် သေးဘူးလို့ ဒီကေဘီအေက ပြောပါတယ်။

အဓိက လက်မခံသူက ဒီကေဘီအေ တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးနှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်မှူးကြီး စောလာပွယ်နဲ့ တပ်ရင်းမှူး ဗိုလ်မှူး မုတ်သုံတို့ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံ၊မခံ အကြောင်းပြန်ရမယ့် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဗိုလ်မှူးကြီးစောလပွယ်ဟာ သူရဲ့ ဝေါ်လေမြိုင်ဌာနချုပ်ကနေ ဒေါနတောင်တန်းဘက်ကို တိမ်းရှောင်သွားတာ အခုအချိန်အထိဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA North မှာတော့ ပြည်သူ့စစ် အသွင်ပြောင်းရေးကို တပ်မဟာအားလုံးက မူအားဖြင့် သဘောတူခဲ့ကြပေမယ့် တချို့ အချက်ကို တပ်မဟာ ( ၁) က လက်မခံတဲ့အတွက် အချင်းချင်း ဆွေးနွေး နေရတယ်လို့ SSA North နဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံပေမယ့် ဒုတိယဥက္ကဌဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP အမည်နဲ့ ရွေးကောက်ပွဲ ဝင်ဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် KSPP က ဧပြီလ ၅ ရက်နေ့ကတည်းက ပါတီထောင်ခွင့် လျှောက်ထားခဲ့တာ အခုထိ ပါတီထောင်ခွင့် မကျသေးသလို တခြား လျှောက်ထားတဲ့ ကချင်ပါတီတွေလည်း ပါတီထောင်ခွင့် မရသေးဘူးလို့ ဆိုပါတယ်။

ဒီလို ကြန့်ကြာနေတာဟာ KIO က နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံတာနဲ့ ဆက်စပ်မှုရှိတယ်လို့ ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်က သုံးသပ်ပါတယ်။