ထိုင်း အခြေအနေ ပိုတင်းမာ

ထိုင်းစစ်တပ်က ဆန္ဒပြသူတွေကို ဆက်လက် ဝိုင်းဝန်း ပိတ်ဆို့ ထားပါတယ်။
ဆန္ဒပြသူတွေ အစားအစာနဲ့ လျှပ်စစ်မီး မရ အောင်လည်း ဖြတ်တောက်ထားပါတယ်။
အခြေအနေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
ဘန်ကောက်မြို့လည်ကောင်ဟာ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ စည်ကားနေရမယ့်အစား စစ်တလင်းလိုဖြစ်နေပါပြီ။
ကုန်တိုက်ကြီးတွေရှေ့မှာ၊ ကားလမ်းမတွေအလည်မှာ၊ဘလိပ်ဓါးတွေတပ်ထားတဲ့ razor wire သံဆူးကြိုးတွေ၊ မီးလောင်နေတဲ့ ကားတိုင်ယာတွေသာ တွေ့နေရပြီး စစ်တပ်က ကျည်ဆံအစစ် တွေနဲ့ ပစ်ခတ်နေတာ သုံးရက်ရှိနေပါပြီ။
တနင်္ဂနွေနေ့မှာ ညမထွက်ရ အမိန့်မထုတ်သေးပေမယ့် ရှပ်နီတွေဆန္ဒပြနေတဲ့ ဧရိယာထဲ ကနေ အမျိုးသမီးတွေနဲ့ ကလေးတွေကို မနက်ဖြန် တနင်္လာနေ့မှာ နောက်ဆုံးထားပြီး ထွက်သွားဖို့စစ်တပ် ကပြောထား ပါတယ်။
သူတို့ထွက်သွားနိုင်ဖို့ စုရပ်နဲ့ ကားတွေကိုလည်း စီစဉ်ပေးထားပါတယ်။
အခုဆိုရင်ဆန္ဒပြနယ်မြေကို Live Fire Zone လို့သတ်မှတ်ပြီး စစ်တပ်က လက်နက်နဲ့ နှိမ်နှင်းနေတာကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်ကြောင်း ပြောလာကြပါပြီ။
Human Rights Watch လူ့ အခွင့်အရေး အဖွဲ့က စစ်တပ်ကိုပစ်ခတ်နေတဲ့ဇုံ အဖြစ် သတ်မှတ် ထားတာကို ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းနေသလို၊ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာအဖွဲ့ကလည်း၊ အမျိုးသမီးနဲ့ ကလေးတွေကို ထိခိုက်မှုမရှိအောင် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့နာတာ ဝတ်ဆိုင်ကယော့ကလည်း အမျိုးသမီးနဲ့ကလေးတွေ ထွက်ခွာသွားနိုင်ပါတယ်။
သူရဲဘောကြောင်ပြီး သူတို့ကို အကာအကွယ် ယူမှာမဟုတ်ပါဘူး လို့ပြောပါတယ်။
ဒီကနေ့မှာ ထိုင်းစစ်တပ်က သူတို့တပ်ချထားတဲ့နေရာနဲ့ ကိုက် ၁၀၀၊ ၁၅၀ လောက်အတွင်းမှာ ဝင်လာတဲ့ သူတိုင်းကို ကျည်ဆံ အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကို အနားမှာရှိတဲ့ ဘီဘီစီ သတင်း ထောက်က တွေ့ခဲ့ပါတယ်။
ရုပ်မြင်သံကြားပေါ်မှာလည်းအုတ်နဲ့ရံတခုကိုအကာကွယ်ယူထားတဲ့ဆန္ဒပြသမားကိုလှမ်းပစ်တဲ့ပုံကို တွေ့ရပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ သူတို့သတ်မှတ်ထားတဲ့ နီးလွန်းတဲ့ အကွာအဝေးအတွင်းကို ရောက်လာ ရင်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဖြစ်ဖြစ်၊ အကြမ်းဖက်သမားလို့ သူတို့ယူဆသူကို တွေ့ရင်ဖြစ်ဖြစ် ပစ်ခတ်ခွင့်ပေးထားပါတယ်။
ဒီအခြေအနေမှာ အခင်းဖြစ်နေတဲ့ ဧရိယာအနီး တဝိုက်မှာ ရှိနေသူတွေအတွက်လည်း စားစရာ ဝယ်ဖို့ကအစ အခက်အခဲတွေ ရှိနေပါတယ်။ထိုင်းအစိုးရရဲ့ ရည်ရွယ်ချက်က ဆန္ဒပြ ဧရိယာကိုပိတ်ဆို့ပြီး လူတွေထွက်ခွာသွားအောင် လုပ်နေ တာပါ။
ဒီအထဲမှာ မရည်ရွယ်တဲ့သူတွေလည်း ရောပြီးအခက်အခဲတွေ့နေကြရပါတယ်။




















