ကြံဖွံ့ အသင်းက ငွေနဲ့ မက်လုံးပေး မဲဆွယ်

Thein Sein
ဓာတ်ပုံ ပုံစာ, ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသိန်းစိန်
ရေးသားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံ တင်ထားတဲ့ ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းက ငွေကြေး လိုအပ်နေတဲ့ လယ်သမားတွေကို ငွေအင်အားနဲ့ သူတို့ကို မဲပေးဖို့ လိုက်လံ စည်းရုံးနေတယ်လို့ မြန်မာ နိုင်ငံကနေ သတင်း ရရှိပါတယ်။

ရန်ကုန် တောင်ပိုင်း ခရိုင် သုံးခွ မြို့နယ်မှာ ကြံခိုင်ရေး အဖွဲ့ဝင်တွေဟာ လယ်သမားတွေကို အရင်နှစ်က ချေးထားတဲ့ အကြွေးတွေ အတွက် ကျေးဇူး ဆပ်တဲ့ အနေနဲ့ သူတို့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ လိုက်လံ စည်းရုံးနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

တရားပွဲ ကျင်းပ စည်းရုံးတာမျိုး မတွေ့ရဘဲ အသက် ၁၈ နှစ်အောက် ပြည်သူတွေရဲ့ စာရင်းကို လိုက်ကောက်ရာမှာ လူငယ်တွေကို အစုလိုက် လိုက်လံ စည်းရုံးနေတာလို့ ဒေသခံ လယ်သမား တဦးက ပြောပါတယ်။

ကြံခိုင်ရေး ပါတီလိုပဲ ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံ တင်ထားတဲ့ နောက်ပါတီ တခုဖြစ်တဲ့ တိုင်းရင်းသာ စည်းလုံး ညီညွတ်ရေး ပါတီကလည်း ကြံခိုင်ရေး ပါတီနဲ့ အပြိုင် လွန်ခဲ့တဲ့ ခြောက်လလောက် ကတည်းက မဲဆွယ် စည်းရုံးမှုတွေ လုပ်လာခဲ့တယ်လို့ သတင်း ရရှိပါတယ်။

တစညက ကြံခိုင်ရေးကို ဝေဖန်ပြီး မဲဆွယ်တာမျိုးတွေ လုပ်နေပေမယ့် ခုထိတော့ ပါတီနှစ်ခု ထိပ်တိုက် မတွေ့ကြသေးပါဘူး။

ကြံခိုင်ရေး ပါတီဟာ ပါတီ တရားဝင် မဖွဲ့ခင် ကတည်းက ဝေးလံတဲ့ အရပ်ဒေသတွေမှာ မဲဆွယ် စည်းရုံးမှုတွေ လုပ်နေတာ ဖြစ်ပြီး ခုနောက်ပိုင်း ပါတီ တရားဝင် ဖွဲ့စည်းပြီး ချိန်ကျမှ မြေပြန့်တွေမှာ ပေါ်ပေါ်ထင်ထင် မဲဆွယ် စည်းရုံး လှုပ်ရှားလာတာ ဖြစ်ပုံရတယ်လို့ စံခရဘူရီက ဘီဘီစီ သတင်းထောက် ဦးသန်းက ပြောပါတယ်။