မြန်မာ့အရေး G8 တောင်းဆိုမှု ကြိုဆို

ကနေဒါနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ G8 ထိတ်သီးညီလာခံမှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး၊ အတိုက်အခံအင်အားစု တိုင်းရင်းသားအစုအဖွဲ့ စတာတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ တောင်းဆိုတာကို Burma Campaign (UK) ကကြိုဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တောင်းဆိုတဲ့အထဲ ပါဝင်ပါတယ်။
ဒီအချက်တွေကို နှစ်နဲ့ချီ တောင်းဆိုခဲ့ပေမဲ့ အခုထိ မရသေးတဲ့ အကြောင်းရင်းကတော့၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ တညိတညွတ်ထဲ ထိထိရောက်ရောက် စစ်အစိုးရ ကို ဖိအားမပေးလို့ ဖြစ်ရတဲ့အကြောင်း Burma Campaign မှ Director Mark Farmaner က ဘီဘီစီ ကိုပြောပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် Razali Ismail က မြန်မာ့အရေး ပြေလည်အောင် ကြိုးပမ်းစဉ် ကာလက သူအနေနဲ့ လိုအပ်တဲ့ အားပေးမှု မရခဲ့ဘူးလို့ ဝန်ခံခဲ့ကြောင်း၊ Mark Farmaner က တဆင့်ရှင်းပြပါတယ်။ စစ်လက်နက် မပါပဲ တိုက်ပွဲ ဝင်ခိုင်းတဲ့ စစ်သားနဲ့ Razali ကနှိုင်းယှဉ်ပြခဲ့ ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ မြန်မာစစ်အစိုးရ ကို ဖိအားပေးဖို့ လိုတယ်လို့ Mark Farmaner က ပြောပြပါတယ်။

















