သင်္ကြန် ဗုံးတရားခံတွေ ရုံးထုတ်

သင်္ကြန်ကာလတွင်း ကန်တော်ကြီး စောင်းနားက ရေကစား မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ သင်္ကာမကင်းသူ ကမာရွတ်က လူငယ်တစုကို အင်္ဂါနေ့က မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ဘိုဘိုသိန်း အပါအဝင် လူငယ် ငါးယောက်ကို ဧပြီလ ၂၄ ရက်နေ့ ကတည်းက လှည်းတန်းမှာ သူတို့ ငှားနေတဲ့ တိုက်ခန်းကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဗုံးကွဲမှု အတွက် မသင်္ကာမှုနဲ့ ဖမ်းသွားခဲ့ပေမဲ့ ခုရုံးထုတ်တဲ့အခါ စွဲတဲ့ ပုဒ်မက နိုင်ငံတော် အစိုးရကို အကြည်ငြို ပျက်အောင် ဝါဒဖြန့်မှု ဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ) ဖြစ်နေတယ်လို့ စွပ်စွဲခံရတဲ့ လူငယ်တွေရဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီပုဒ်မနဲ့ ဒီလူငယ်တွေကို တရား စွဲနိုင်ဖို့မှာလည်း တရားလိုဘက်က တင်ပြတဲ့ အထောက်အထားတွေက အားနည်းတယ်လို့ လူငယ် ငါးဦးထဲက ရန်နောင်စိုးရဲ့ ရှေ့နေ ဦးပြည်သူက ပြောပြပါတယ်။
တရားခံတွေဘက်က ဝန်ခံ ထွက်ဆိုခြင်း မရှိသေးဘဲ သူတို့ဘက်က အမှုသွား အမှုလာ အခြေအနေ ကောင်းတယ်လို့ ဘီဘီစီကို ရှင်းပြပါတယ်။
အင်္ဂါနေ့ ရုံးထုတ်ချိန်မှာ တရားလိုပြ သက်သေ ရုံးတော်ကို မလာတဲ့ အတွက် ဇူလိုင်လ ၆ ရက်နေ့ကို ရုံးချိန်း ပေးလိုက်တယ်လို့ ရှေ့နေ ဦးပြည်သူက ပြောပြခဲ့ပါတယ်။
ဒီအမှုနဲ့ပဲ အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကိုလည်း ဖမ်းဆီးထားပါတယ်။
သူ့ကိုလည်း ဗုံးခွဲမှုနဲ့ တရားစွဲဆိုဖို့ ရမန် အကြိမ်ကြိမ် ယူခဲ့ပေမယ့် ခုနှစ်လ အကြာမှာတော့ ပုဒ်မ ၁၇ (၁) မတရားသင်း ပုဒ်မနဲ့ ရမန် ထပ်ယူထားပါတယ်။
ဒီလို ပုဒ်မသစ်နဲ့ ရမန်ယူတာဟာ ဥပဒေနဲ့ မညီဘူးလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
ပုံမှန်အားဖြင့် တရားခံကို ရက်ပေါင်း သုံးဆယ်ထက် ပိုပြီး ရမန် မယူနိုင်ဘဲ ဒီကာလအတွင်း အမှု မတင်နိုင်ရင် တရားခံကို ပြန်လွှတ်ရမှာ ဖြစ်ပါတယ်။
တရားခံရဲ့ ဥပဒေ အကျိုးခံစားခွင့် အဖြစ် အထက် တရားရုံးကို တက်ခွင့် ရှိပေမယ့် လက်ရှိ ရမန်ရုံးက အမှုကို ကူးခွင့် မပြုတဲ့အတွက် ကိုဖြိုးဝေအောင် နစ်နာနေရတယ်လို့ သူ့ရှေ့နေက ပြောပြခဲ့ပါတယ်။





















