အမေရိကန် ဥပဒေ မြန်မာ အပေါ် အကျိုးသက်ရောက်

နိုင်ငံခြားမှာ ရင်းနှီး မြုပ်နှံမှုတွေ လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီတွေအပေါ် ကြပ်မတ် ထိန်းချုပ်တဲ့ ဥပဒေကြမ်းတခုကို အမေရိကန် အောက်လွှတ်တော် နဲ့ အထက် လွှတ်တော် ၂ ရပ်လုံးက ထောက်ခံ အတည်ပြု လိုက်ပါပြီ။
သမ္မတ အိုဘားမား လက်မှတ် ရေးထိုးပြီးရင် တော့ ဒီဥပဒေ အတည် ဖြစ်လာတော့ မှာပါ။
ဒီဥပဒေအရ နိုင်ငံတကာမှာ အဓိကအားဖြင့် သယံဇာတ ထွက်ကုန်တွေအပေါ် ရင်းနှီး မြုပ်နှံမှုတွေ လုပ်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ငွေကြေး အပေးအယူတွေကို အမေရိကန် အစိုးရကို ထုတ်ဖေါ် အသိပေးရဖို့ ရှိပါတယ်။
ဒါ့ကြောင့် မြန်မာပြည်သူတွေ အတွက် ဒီဥပဒေဟာ အတော့်ကို အရေးပါတယ်လို့ Earth Rights International နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကစောဝါး က ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြုပ်နှံတဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လောက် ရင်းနှီး မြုပ်နှံသလဲ၊ မြန်မာအစိုးရကို ငွေကြေး ဘယ်လောက် ပေးရသလဲဆိုတာတွေကို အမေရိကန် အစိုးရကို ထုတ်ဖေါ် ပြောရတော့မှာ ဖြစ်ပြီး အဲဒီသတင်း အချက်အလက်တွေကို သူတို့လို အဖွဲ့တွေက မြန်မာ ပြည်သူတွေကို ချပြနိုင်တော့မှာ ဖြစ်တယ်လို့ ဦးကစောဝါးက ပြောပြပါတယ်။
ကုမ္ပဏီတွေ ဆိုရာမှာ အမေရိကန် ကုမ္ပဏီတွေသာမက အမေရိကန် စတော့ခ် ရှယ်ယာ ဈေးကွက်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ အားလုံး အကြုံးဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ တူးဖေါ် ထုတ်လုပ်မှုမှာ လာရောက် ရင်းနှီး မြုပ်နှံနေတဲ့ Chevron ကုမ္ပဏီကြီးက မြန်မာ အစိုးရကို ငွေကြေး ဘယ်လောက် ပေးနေသလဲ ဆိုတာကို မြန်မာ ပြည်သူတွေ အရင်က သိခွင့် မရှိခဲ့ပေမဲ့ အခုတော့ ဒီဥပဒေ အတည် ဖြစ်လာခဲ့ရင် ဒါတွေကို သိခွင့် ရလာတော့မှာ ဖြစ်တယ်လို့ ဦးကစောဝါး က ဘီဘီစီကို ပြောပြပါတယ်။
တကယ်လို့ ဒီကုမ္ပဏီတွေက ထုတ်ဖေါ် မပြောရင် သူတို့ကို တရားစွဲလို့ ရမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။





















