ရွေးကောက်ပွဲ ကြံ့ခိုင်ရေးနိုင်၊ မဲစာရင်း အငြင်းပွားဖွယ်ဖြစ်

USDP
ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီက အများစု အနိုင်ရ
ရေးသားခဲ့သည်။

မြန်မာနအဖအစိုးရကနေ ကျင်းပတဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အနိုင်အရှုံးသတင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစိုးရပိုင် နေ့စဉ်သတင်းစာတွေကနေ ကြေငြာပေးနေရာမှာ ဒီနေ့ နောက်ဆုံးအသုတ်အဖြစ် ကြေငြာလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စုစုပေါင်းအမတ်နေရာရဲ့ ၇၆ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရလိုက်တယ်လို့ ရှင်ဟွာ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိနအဖအစိုးရ၀န်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ ကြံ့ခိုင်ရေးပါတီက အမတ်နေရာ စုစုပေါင်း ၁၁၅၄ နေရာမှာ ၈၈၃ နေရာမှာ အနိုင်ရတယ်လို့ သိရပါတယ်။

အခြေခံဥပဒေအရ ပါလီမန်အတွင်းမှာ စစ်တပ်ကလည်း ၂၅ ရာခိုင်နှုန်းကို ပြိုင်စရာမလိုပဲ အလိုအလျောက် ရရှိပါတယ်။

USDP
ဓာတ်ပုံ ပုံစာ, ပယ်ဖျက်ထားတဲ့ မဆန္ဒနယ်မှာလည်း ကြံ့ခိုင်ရေးအနိုင်ရတယ်လို့ ကြေငြာခဲ့

ရွေးကောက်ပွဲအနိုင်စာရင်းမှာ ကြံ့ခိုင်ရေး ပါတီနောက်မှာ လိုက်တာကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ၆၃ နေရာ၊ SNDP ရှမ်းပါတီက ၅၇၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ၃၅၊ NDF နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတွေက ၁၆ နေရာစီ ရကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲရလာဒ်တွေကို ကြေငြာရာမှာ တချို့မြို့နယ်တွေမှာ မဲပေးတဲ့သူ အရေအတွက်က ၁၀၀ ရာခိုင်နှုန်းကျော်တယ်လို့ သတင်းစာတွေမှာ ဖော်ပြတဲ့အတွက် မဲပေးခွင့်ရှိသူဦးရေထက်ပိုများနေပါတယ်။

နောက်ပြီး ဒီနေ့ထုတ် သတင်းစာတွေထဲမှာလည်း ပယ်ဖျက်ထားတဲ့ ကချင်ပြည်နယ်တွင်းက မဲဆန္ဒနယ်နှစ်ခုမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရတယ်ဆိုတာကို ပယ်ဖျက်ကြောင်း ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

New Light Of Myanmar
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာက အမှားပြင်ဆင်ချက်