ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့် ဆက်သွယ် မေးမြန်းချက်

ဒီဇင်ဘာလ ၁ ရက် မှာ ကျရောက်တဲ့ အမျိုးသား အောင်ပွဲနေ့ မှာ ဒေါ်အောင်ဆန်း စုကြည် ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ် က သီးသန့် မေးမြန်း ခဲ့ရာမှာ
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က သူတို့ အနေနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းတွေရှိတယ် လို့ ယုံကြည်တယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ဖက်မှာ ဒီအတွက် ဆန္ဒ က အပြည့်အဝ ရှိတယ်။ အောင်မြင်ရေး တရား လေးပါး မှာ ဆန္ဒ က ပထမ ဖြစ်တဲ့ အတွက် ဆန္ဒတွေ အပြည့်အဝ ရှိတဲ့ သူတို့ အနေနဲ့ တော့ လမ်းစတွေ ရှိသေးတယ် လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာ က အဘက်ဘက် ပါသင့်တဲ့ သူတွေက ရင်ကြားစေ့ရေး လိုချင်ဦးမှ ဖြစ်မှာ ဆိုတော့ ဒီအတွက် ဝီရိယ နဲ့ ပညာ နဲ့ ကြိုးပမ်းသွားရမယ် လို့ ဆိုပါတယ်။
အခုအချိန်မှာ လူတွေက ပိုပြီး နိုင်ငံရေး နိုးကြားလတဲ့ အတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် နည်းလမ်းတွေ ပိုစဉ်းစား လာမယ်လို့ သူ မြင်ကြောင်း လည်း ပြောသွား ပါတယ်။
ဒုတိယ ပင်လုံညီလာခံ ဆိုတဲ့ ကိစ္စ နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်း နေထိုင် တဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် ပြည်ထောင်စု စိတ်ဓာတ် ခိုင်ခိုင်မာမာ ရှိကြဖို့ လိုတယ်။ အဲဒီ စိတ်ဓာတ် ရနိုင်ဖို့ အတွက် ဒုတိယ ပင်လုံ ညီလာခံ လို မျိုး က အရေးကြီး ပါတယ်။ သူ့ အနေနဲ့ တော့ ၂၁ ရာစု နဲ့ လိုက်လျောညီထွေ ရှိမယ့် ပင်လုံညီလာခံ မျိုး ကို လိုလား ကြောင်း ဆို ပါတယ်။ ဒီအရေး အတွက် သိမ်သိမ်မွေ့မွေ့ လုပ်ကိုင် ဖို့လိုအပ်ပြီး သိမ်သိမ်မွေ့မွေ့ ဆိုတာ က အားပျော့ပေျာ့ နဲ့ လုပ်သွား ဖို့ ဆိုလိုတာ မဟုတ်ပဲ အားရှိရှိ နဲ့ လုပ်သွားဖို့ လိုတယ် လို့ ပြောပါတယ်။