ကချင်လွတ်လပ်ရေး တပ်မတော် ရိက္ခာ ဖြတ်ခံရ

kachin_state
ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ် ကေအိုင်အေ ရိက္ခာလမ်းကြောင်း
ရေးသားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်၊ ကေအိုင်အေ အဖွဲ့ရဲ့ တပ်မဟာ ၄ ဒေသ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူ စုဆောင်း နေတဲ့ လမ်းကြောင်း တွေကို နအဖ အစိုးရက တင်းတင်းကျပ်ကျပ် ရှာဖွေ ကန့်သတ် တားဆီးတာတွေ လုပ်ဆောင် နေတဲ့အတွက် ကေအိုင်အေနဲ့ ဒေသခံ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ ရရှိရေး မှာ အခက်အခဲ ဖြစ်နေတယ်လို့ ကေအိုင်အေ အရာရှိက ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသ ဖက်ကနေ သယ်ဆောင်လာတဲ့ အခြေခံ စားသောက်ကုန် တွေကို တာမိုးညဲနဲ့ ၁ဝမိုင်ကျော် အကွာမှာရှိတဲ့ နမ့်စာ တံတားနဲ့ မုံးစီး တံတားဂိတ် တွေကနေ အစိုးရရဲ့ နယ်မြေခံ စစ်တပ်ကနေ ရှာဖွေ ကန့်သတ် တားဆီးမှုတွေ လုပ်နေပါတယ်။

ကေအိုင်အို - ကေအိုင်အေ အဖွဲ့ကြီးဟာ အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်ခံခြင်း မရှိတဲ့အတွက် နအဖ အစိုးရ ဖက်ကနေ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ လမ်းကြောင်းကိုလည်း ကုန်စည် ဝင်ထွက်မှုတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စပြီး ကနေ့အထိ ကန့်သတ် ပိတ်ပင် ထားဆဲ ဖြစ်သလို အခုလည်း ကေအိုင်အေ တပ်မတော် တပ်မဟာ ၄ ဖက်ကိုပါ ဆက်လက် ကန့်သတ် တင်းကျပ်လာတဲ့ အနေအထားဟာ ဖိအားပေးမှုကို ထပ်မံ တိုးချဲ့ လာတဲ့ သဘောလို့ ကေအိုင်အေ က ပြောနေပါတယ်။

တာမိုးညဲမြို့ နယ်မြေခံ တပ်ရင်းဖြစ်တဲ့ ခလရ ၂၉ဝ က လွန်ခဲ့တဲ့ တပတ်ကစပြီး တပ်စိပ် နှစ်စိပ်ကို ၂ နေရာခွဲပြီး ကွတ်ခိုင်က လာတဲ့ ဆန် ၊ ဆီ နဲ့ တခြား စားသောက်ကုန်တွေကို ပိတ်ပင် တားဆီးမှုတွေ ပြုနေလို့ ပွင့်လင်းရာသီ မှာ ရိက္ခာ စုဆောင်းချိန် ကို တားဆီးခြင်းဟာ ဒေသခံတွေ အတွက်ပါ စားနပ်ရိက္ခာ ပြတ်လပ် စေတယ် လို့ ကေအိုင်အေ က ရှင်းပြပါတယ်။