ဒေါ်စုနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတွေ့
မြန်မာ့ ဒီမို ကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာ နိုင်ငံမှာ ရောက်ရှိ နေတဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ဖိရုမ်နဲ့ သောကြာ နေ့ မနက်ကိုးနာရီကနေ ဆယ်နာရီ လောက်အထိ တစ် နာရီ နီးပါး ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက တစ်ရက်ကြိုတင် ဖိတ်ကြားခဲ့တာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်က ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ မီကာဆာ ဟိုတယ်မှာ သွားတွေ့ခဲ့ တာလို့ NLD ပြန်ကြားရေး အဖွဲ့ ဝင် ဦးအုန်းကြိုင်က ဘီဘီစီ ကို ပြောပါတယ်။
နိုင်ငံတကာက ခေါင်းဆောင် တွေက ဒေါ် အောင် ဆန်း စုကြည်ကို ဆက်သွယ် ပြောဆို ကြတာတွေ ရှိကြ ပေမဲ့ ပြည်ပက နိုင်ငံခြားရေး ဝန်ကြီး အဆင့် ရှိသူနဲ့ တွေ့ ဆုံတာ ကတော့ ဒီတကြိမ် ပထမဆုံး ဖြစ်ပါတယ်။
နှစ်ဘက် ပွင့်ပွင့် လင်းလင်း အမြင်ချင်း ဖလှယ် နိုင်ပြီး ရင်းရင်း နှီးနှီး တွေ့ဆုံ နိုင်ခဲ့တဲ့ ဆွေးနွေးပွဲ အဖြစ် ဒေါ်အောင်ဆန်း စုကြည်က ပြန်ပြောပေမဲ့ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်လို့တော့ တစုံတရာ ပြောဆို ခဲ့ခြင်း မရှိဘူးလို့ ဦးအုန်းကြိုင်က ဆက် ပြောပါတယ်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ဖိရုမ်ဟာ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် အာဆီယံ အဖွဲ့ထဲမှာ ကမ ကထ ပြု တောင်းဆို ခဲ့သူ တစ်ယောက် လည်း ဖြစ် ပါတယ်။
မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ဖြစ်လာစေဖို့ အတွက် မြန်မာ အစိုးရ နဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးမှု ပြုလုပ်အောင် အာဆီယံ နိုင်ငံတွေ က တိုက်တွန်း မယ် လို့လည်း မကြာသေးခင် ရက်ပိုင်း အတွင်းက ပြီးဆုံး သွားခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးမှာ ပြောခဲ့ပါတယ်။

















