လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ်ကန့်သတ်မှုတွေ

လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေကို ဖိတ်စာ ထဲမှာ တခါတည်း အစီအစဉ်နဲ့ အတူ ကန့်သတ်ချက် တွေကိုပါ ထည့်ပြီး အသိပေးထားတာ တွေ့ရပါတယ်။
အဲဒီထဲမှာ အစည်းအဝေးခန်းမ အထဲကို ရုပ်သေ နဲ့ ရုပ်ရှင် ကင်မရာတွေ မယူရ၊ တယ်လီဖုန်း မယူရ၊ အသံဖမ်းစက် မယူရ ဆိုတဲ့ ကန့်သတ်ချက်တွေ ပါလာပါတယ်။
တယ်လီဖုန်းတွေကို လွှတ်တော် အဆောက်အဦ ထဲမှာ တပ်ဆင်ပေးထားမှာ ဖြစ်ပေမယ့် သီးသန့်ဝယ်ယူရမယ့် ကတ်ပြားနဲ့ပဲ ခေါ်ဆိုနိုင်တယ်လို့ ဆိုပါတယ်။
နောက်တစ်ခါ ဆွေးနွေးပွဲ အကြာင်းအရာတွေနဲ့ ပတ်သက်လို့လည်း ပြင်ပကို ထုတ်ပြန်ပြောကြားခွင့်တွေကို အကန့်အသတ်တွေ လုပ်ထားတယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကတော့ ဘယ်လို အကြောင်းအရာတွေကို အပြင်ကို ထုတ်ပြောနိုင်တယ်၊ ပြောခွင့်ရှိတယ်ဆိုတာလည်း ကိုယ်စားလှယ်တွေ အတိအကျမသိကြပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။
လွှတ်တော်သဘာပတိ ဘယ်သူ ဘယ်ဝါဆိုတာကို အဆိုပြုကြတဲ့ အဆင့်ကိုတောင် အပြင်ကို ပြောခွင့်ရှိမရှိ မသေချာပဲ၊ ရွေးချယ်တင်မြှောက်ပြီးမှပဲ ကြေငြာတာမျိုး လုပ်ကောင်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။

















