ထိုင်းက မြန်မာဒုက္ခသည်တွေကို အဓမ္မပြန်မပို့

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေကို ထိုင်းအစိုးရက အတင်းအကျပ် ပြန်မပို့ဘူးလို့ ပြောတဲ့အကြောင်း ထိုင်းအစိုးရနဲ့တွေ့ခဲ့တဲ့ ဥရောပသမဂ္ဂလူသားချင်းစာနာကူ ညီရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ်တာလီနာ ဂေါ်ဂီယေးဗား (Kristalina Georgieva) က ပြောပါတယ်။
မစ္စ ဂေါ်ယီယေးဗားဟာ ထိုင်းမြန်မာ နယ်စပ်မှာ ရှိတဲ့ မဲလ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သလို ထိုင်းဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တနင်္လာနေ့က တွေ့ဆုံအပြီး ဘန်ကောက်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ပြောလိုက်တာပါ။
တကယ်တော့ မြန်မာပြည်မှာ အစိုးရ သစ်တက်လာတဲ့ အခါ ဒုက္ခသည်တွေနေရပ် ပြန်လို့ရ နိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကဆစ် ဖိရုမ်းက ရွေးကောက်ပွဲ မတိုင်ခင်က ပြောခဲ့တာမို့ ဒုက္ခသည်တွေ ကြားမှာစိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ နေရပ်ကို အတင်းပြန်မပို့ပါဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ကြောင်း မစ္စ ဂေါ်ဂီယေးဗားက ပြန်ပြောပြပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အကူအညီတွေ ပေးလာခဲ့ပြီးတဲ့ နောက်မှာ အကူအညီပေးတာတွေသာ တိုးလာတယ်၊ ဒုက္ခသည် အရေအတွက်က လျော့ကျ မသွားတာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို EU ဥရောပသမဂ္ဂဖက်က နည်းလမ်းရှာနေတာပါ။
မစ္စ ဂေါ်ရီယေးဗားက ဒီဒုက္ခသည်တွေ အတွက် ရေရှည်ပြေလည်ရေး ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါ တယ်။
ဖွံ့ဖြိုးရေးအကူအညီပိုများမယ်
''ရှေ့နှစ်ကျရင် ဖွံ့ဖြိုးရေးဆိုင်ရာ ရံပုံငွေဖက်ကို နည်းနည်းပိုသုံးပြီး လူသားချင်းစာနာတဲ့ ရံပုံငွေဖက်ကို နည်းနည်း လျှော့သုံးမှာ ဖြစ်ပါတယ်'' လို့လည်း ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့မျှော်လင့်ချက်က ဒုက္ခသည်စခန်းတွေထဲမှာ ပိတ်မိနေသူ တွေကို ထိုင်းနိုင်ငံရဲ့အလုပ်ခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးပြီး သူတို့ ခြေထောက်ပေါ် သူတို့ပိုရပ်တည်လာနိုင်အောင်လုပ်ပေးဖို့ပါ။ ဒါပေမယ့် ဒီကိစ္စကိုထိုင်းအစိုးရက ဘယ်အတိုင်းအတာအထိခွင့်ပြုမယ် ဆိုတာမရှင်းလှပါဘူး။
ဒါ့အပြင် ၂၀၀၅၊ ၂၀၀၆ ခုနှစ်တွေလောက်ကတည်းက ရပ်ဆိုင်းထားတဲ့ ဒုက္ခသည်စခန်း တွေကို အသစ်ရောက်လာသူတွေကို စစ်ဆေး လက်ခံတဲ့ စနစ်ကိုလည်း ပြန်လည်စတင် ဖို့ထိုင်းအစိုးရဖက်က ကတိပြုခဲ့တယ်လို့ သူက ဆိုခဲ့ပြီး အချိန်အတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။





















