ရော့စ် ဒန်ကလေ အာမခံရ

ဓာတ်ပုံ ရင်းမြစ်, AP
အမျိုးသမီးတဦးကို မူးယစ်ဆေးဝါး တိုက်ကျွေးပြီး မဖွယ်မရာပြုလုပ်ခဲ့မှု၊ လူဝင်မှု ဥပဒေ ဖောက်ဖျက်မှု စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတဲ့ သြစတေလျလူမျိုး မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာ ရော့စ် ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံးက အင်္ဂါနေ့က အာမခံ ပေးလိုက်ပါတယ်။
မစ္စတာ ဒန်ကလေဟာ နှလုံးဝေဒနာနဲ့ ပတ်သက်ပြီး ဆေးဝါး သောက်သုံးနေရတဲ့ အခြေအနေရယ်၊ သတင်းစာ အယ်ဒီတာတယောက်ဖြစ်တယ်ဆိုတဲ့ အချက်ရယ်ကို ထောက်ထားပြီး အာမခံပေးခဲ့တာလို့ တရားသူကြီးက ဆိုပါတယ်။
သူ့ကို စွဲထားတဲ့ အမှု နှစ်မှု အတွက် တစ်မှုကို အာမခံငွေ သိန်း ၅၀ နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာတိုင်းမ် သတင်းစာကို ပူးတွဲ ပိုင်ဆိုင်သူ ဒေါက်တာ တင်ထွန်းဦး နဲ့ သတင်းစာတိုက် မန်နေဂျာ ဦးဝေလင်းတို့က အာမခံငွေတွေ တင်ပေးခဲ့ကြတယ်လို့ ရော့စ် ဒန်ကလေရဲ့ ရှေ့နေ ဦးမင်းစိန်က ပြောပြပါတယ်။
မစ္စတာဒန်ကလေကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူ့ကို စွဲချက်တင်သင့် မသင့် ဆိုတာရယ် တင်ရင်လည်း ဘယ် အချက်တွေနဲ့ တင်သင့်တယ်ဆိုတာကို နောက်တကြိမ် အမှုချိန်းရက်ဖြစ်တဲ့ ဧပြီလ ၄ ရက်နေ့မှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

















