မွန်ပြည်သစ်ပါတီ အရေးပေါ် အစည်းအဝေး ခေါ်ယူ

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စဆွေးနွေးဖို့ အတွက် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး စနေနေ့မှာ စတင် ခေါ်ယူခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
အခုလထဲမှာ အစိုးရနဲ့ တွေ့ဆုံဖို့ရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးဖို့ အတွက် ပါတီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တာ ဖြစ်ကြောင်း နိုင်ငံဟာက ဘီဘီစီကို ပြောပါ တယ်။
ဒါပေမယ့်လည်း အစိုးရနဲ့ ဆွေးနွေးမယ့်ရက် အတိအကျကိုတော့ မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီနှင့် မွန်ပြည်သစ်ပါတီတို့ ဆွေးနွေးထားခဲ့တဲ့ အချက် (၅) ချက် ကို အခု အရေးပေါ် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခု အရေးပေါ် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်း အစိုးရနဲ့ ဆက်ဆွေးနွေးရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အစည်းအဝေးကို တက်ရောက်တဲ့ ဗဟိုကော်မီတီဝင် တဦးက ပြောပါတယ်။

















