ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကိုယ်စားလှယ်အဖြစ် လွှတ်တော်တက်

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်စတက်
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်စတက်
ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် လွှတ်တော် အမတ်နေနဲ့ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဒီကနေ့ တက်ရောက်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေး တက်ဖို့ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသတင်းထောက်တွေက ဝိုင်းမေးကြပြီး သူ့အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လုပ်မယ်လို့ ပြောကြားသွားပါတယ်။

နေပြည်တော်ကို ရောက်နေတဲ့ဘီဘီစီဝိုင်းတော်သား ဦးဘမော်က ရခိုင်တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေနဲ့ ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ် ပါတီမှနန်းဝါနုတို့ကို မေးမြန်းရာမှာ အမျိုးသမီး အမတ်တွေ အင်အားကောင်းလာလို့ ကြိုဆိုကြောင်း အစိုးရကို ထိန်းညှိရေးလည်း လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

လွှတ်တော်မှာ ဆွေးနွေးမယ့်အစီအစဉ် ဥပဒေကြမ်း တင်သွင်းမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက် တယောက်က မေးရာမှာတော့ ပါတီဝင်တွေနဲ့တိုင်ပင် ဆွေးနွေးပြီးမှ ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၁၇ရက်ကြာ ဥရောပခရီးစဉ်အပြီး လွှတ်တော်တက်ဖို့ ခွင့်သုံးရက်ယူထားတာကြောင့် ကနေ့မှ စတင်တက်နိုင်တာ ဖြစ်ပါတယ်။ခရီးစဉ်မှ ပြန်ရောက်ပြီး ကော့မှူးမြို့ကို သွားရောက်ကာ လွှတ်တော်မှာ ဆွေးနွေး တင်ပြနိုင်အောင် လိုအပ်ချက်တွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးမှာ လစ်လပ်သွားတဲ့ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနေရာကိုလည်း အစားထိုး ရွေးချယ်ရမှာဖြစ်ပါတယ်။