လူသတ် စက်ရုပ် လက်နက် အရေး လူ့အခွင့် အရေး ကောင်စီ ကြားနာ

လူတွေရဲ့ ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ် နိုင်တဲ့ လူသတ် စက်ရုပ် ခေါ် နောက်ဆုံးပေါ် လက်နက် ဆန်း တွေ အသုံးပြုမှု နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ကြားနာနေပါတယ်။
ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။
ဒီစက်ရုပ် တွေဟာ စစ်မြေပြင် ရောက်တာနဲ့ လူတွေရဲ့ ထိန်းချုပ်မှု ရှိတော့မှာ မဟုတ်တဲ့ အတွက် Drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် တွေနဲ့တော့ မတူ ပါဘူး။
လူသတ် စက်ရုပ်တွေကို အမေရိကန် ဗြိတိန်နဲ့ အစ္စရေး နိုင်ငံတို့မှာ ပြုလုပ် နေကြပြီး အခု အချိန် အထိတော့ အသုံး မပြုသေး ပါဘူး။
ဒီလက်နက် တီထွင်တာကို ထောက်ခံတဲ့ အဖွဲ့တွေ ကတော့ စက်ရုပ် တွေကို သုံးခြင်း အားဖြင့် စစ်မြေပြင်မှာ စစ်သားအရေ အတွက် လျော့သွားလို့ အသက် ဆုံးရှုံးမှု နည်းသွား စေလိမ့်မယ်လို့ ပြောနေကြ ပါတယ်။
လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့တွေ ကတော့ စစ်ပွဲကို ဘယ်လို ဆင်နွှဲကြ သလဲ ဆိုတဲ့ အရေးကြီးတဲ့ ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ အရေးကြီးတဲ့ မေးခွန်း တွေကို စဉ်းစား ရမယ်လို့ ခုခံ ပြောကြ ပါတယ်။ ကုလ သမဂ္ဂ အစီရင် ခံစာက ဒီစက်ရုပ်တွေ အသုံးပြုရေးကို တရားဝင် ဆိုင်းငံ့ ထားဖို့ တောင်းဆို ပါလိမ့်မယ်။
ဒါပေမဲ့ လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို သလို လုံးဝ ပိတ်ပင် မှာတော့ မဟုတ်ပါဘူး။
စက်ရုပ်ကို အသုံးပြုတဲ့ အတွက် အရပ်သားတွေ အများ အပြား သေဆုံးခဲ့ရင် ဘယ်သူ့မှာ တာဝန်ရှိ မလဲ ဆိုတဲ့ တာဝန်ယူမှု မေးခွန်းတွေကို ဖြေဖို့ အချိန်ပေးတဲ့ သဘော ဖြစ်ပါလိမ့်မယ်။
လူသတ် စက်ရုပ်ကို စစ်တရားခံ အဖြစ်တော့ တရားစွဲလို့ ရမှာမဟုတ်ဘူးလို့ ဂျီနီဗာရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။





















