မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြသနာကြီးထွား

မွန်ပြည်နယ်တဝန်း ၁၀ မြို့နယ်စလုံးမှာ မူးယစ်ဆေဝါးသုံးစွဲမှု ပြသနာကြီးထွားလျှက်ရှိပြီး လူငယ်တွေကို အန္တရာယ်ပြုနေတယ်လို့ မွန်ပြည်နယ် လူ့အခွင့်အရေး ဖေါင်ဒေးရှင်းက ပြောပါတယ်။
သူတို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ Bitter Pills ဆေးခါး ဆိုတဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်တခုလုံးမှာ ၃ လ ကြာ ကွင်းဆင်းလေ့လာမှု၊ လူထုနဲ့ မေးမြန်းမှုတွေကို အခြေခံပြီး အခုလို မူးယစ်ဆေးဝါး အန္တရာယ်ကို အစီရင်ခံစာမှာ ဖေါ်ထုတ်ရေးသားထုတ်ပြန်ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ အစီအစဉ် ညှိနှိုင်းရေးမှုး နိုင်အော့မွန်က ဘီဘီစီကို ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုတွေဟာ အရင်ကလည်း ရှိခဲ့ပေမယ့် အခု ပိုများပြားလာပြီး အထူးသဖြင့် လူငယ်တွေကြားမှာ မြင်းဆေးလို့ ခေါ်တဲ့ အင်န်ဖက်တမိန်း စိတ်ကြွဆေးတွေ လူငယ်တွေကြား စိမ့်ဝင်ပျံ့နှံ့ လာနေတယ်လို့ ဆိုပါတယ်။
မွန်လူထုအတွင်း မူးယစ်ဆေးသုံးစွဲမှု ကူးသန်းရောင်းဝယ်မှုတွေကို မီးမောင်းထိုးပြလိုတာဖြစ်ပြီး ဒီကြီးထွားလာနေတဲ့ ပြသနာကို သက်ဆိုင်ရာပြည်နယ် အစိုးရ အာဏာပိုင်တွေနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေကို သူတို့မှာ ဒါတွေကို ထိန်းချုပ်ဖို့ တာဝန်ရှိတယ်ဆိုတာကို အသိပေးတာလို့ ပြောပါတယ်။
မူးယစ်ဆေဝါး ပြသနာကို လက်တွေ့ကျကျ ကိုင်တွယ်ဖို့ အဲဒီ တာဝန်ရှိသူအားလုံးကို မွန်ပြည်နယ် လူ့အခွင့်အရေး ဖေါင်ဒေးရှင်းကတောင်းဆိုလိုက်ပါတယ်။

















