တိုင်းမ် မဂ္ဂဇင်း စွပ်စွဲချက် ဦးဝီရသူ ပယ်ချ

ကမ္ဘာကျော် တိုင်း မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ် မျက်နှာဖုံးမှာ မန္တလေး မစိုးရိမ် တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ ဆရာတော်ကို "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှုတွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြလိုက်ပါတယ်။
ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်း ထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။
ဆရာတော် ဦးဝီရသူကတော့ သူဟာ အကြမ်းဖက်မှုကို လိုလားသူ မဟုတ်ဘူး၊ သူ့ရဲ့ ဟောပြောချက် တွေဟာ ဗုဒ္ဓရဲ့ တရားတော်နဲ့ အညီ သာ ဖြစ်တယ်၊ တိုင်းမ် TIME မဂ္ဂဇင်းက ရဲ့ စွပ်စွဲချက်တွေဟာ မမှန်ဘူးလို့ ဘီဘီစီကို မိန့် ပါတယ်။
ဒါပေမဲ့ သူ့ အနေနဲ့ မဂ္ဂဇင်းကို တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ဆရာတော် ဦးဝီရသူကမိန့်ပါတယ်။
ဦးဝီရသူရဲ့ ဟောပြောမှု အပေါ် ပြည်သူ အများ အမြင်

ဆရာတော် ဦးဝီရသူ နဲ့ ပတ်သက်ပြီး TIME မဂ္ဂဇင်းမှာ ရေးသား ဖော်ပြမှုနဲ့ ပတ်သက်လို့ ပြည်တွင်းက သတင်း မီဒီယာ တချို့မှာ တုံ့ပြန် ရေးသား ကြတာ တွေ့ရပါတယ်။
ဒီတော့ ဆရာတော် ဦးဝီရသူရဲ့ ဟောကြားချက်တွေကို ပြည်တွင်းမှာ လူ အတော် များများက ထောက်ခံကြ ပေမဲ့ ပညာတတ်တဲ့ အလယ် အလတ် သမားတွေ ကတော့ အစွန်း ရောက်တယ်လို့ ယူဆ ကြကြောင်း ရွှေ နိုင်ငံသစ် ပုဂ္ဂလိက သတင်းစာ အယ်ဒီတာချုပ် သတင်းစာ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။
အစွန်းရောက်မှုကြောင့် ဘာသာ ကွဲပြားသူတွေ အတူ ယှဉ်တွဲ နေထိုင်ရေးမှာ အန္တရာယ် ကြီးမားတယ်၊ ဘာသာကြီးတွေ အားလုံး အစွန်း မရောက်ဘဲ ထိန်းသိမ်း ကြဖို့ လိုတယ်လို့ သတင်းစာ ဆရာကြီး ဖိုးသောကြာက ပြော ပါတယ်။
အစ္စလာမ် ဘာသာဝင် တို့ရဲ့ အစွန်းရောက်မှုကို ဗုဒ္ဓ ဘာသာဝင်တွေ ခံနေ ရတယ်လို့ မြန်မာ နိုင်ငံ အတွင်းမှာ အများစုက ယူဆနေကြတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ခေတ် အဆက်ဆက်မှာ ဘာသာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ရာမှာ မေတ္တာ ထားပြီး အစွန်း မရောက်ဖို့ ထိန်းသိမ်းခဲ့တာတွေ ရှိခဲ့ပြီး အခု လက်ရှိ မှာတော့ ဝါဒ ဖြန့်ချိမှု လွန်ကဲတာ တွေ့ရတယ်လို့ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။





















