KIA ရဲ့ တပ်သား စုဆောင်းခံရသူတွေ ပြန်လွတ်လာ

ဒေသခံတွေကို ထိန်းသိမ်းထားတာဟာ တပ်သား စုဆောင်းဖို့ မဟုတ်ဘူးလို့ KIA ငြင်းဆို
ဓာတ်ပုံ ပုံစာ, ဒေသခံတွေကို ထိန်းသိမ်းထားတာဟာ တပ်သား စုဆောင်းဖို့ မဟုတ်ဘူးလို့ KIA ငြင်းဆို
ရေးသားခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နားတဝိုက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)က တပ်သား စုဆောင်းဖို့ ခေါ်သွားခံရတဲ့ ဒေသခံတချို့ ပြန်လွတ်မြောက် လာခဲ့ပါတယ်။

မန်စီမြို့နယ်နား တဝိုက်က ရွာတွေမှာ KIAရဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရသူ ၅၀ကျော် ရှိပြီး အဲဒီထဲက ရှမ်းနီ လူမျိုး ၂၆ဦး ပြန်လည် လွတ်မြောက်လာခဲ့တယ် လို့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က BBC ကို ပြောပါတယ်။

နောက်ထပ် ကချင်လူမျိုး ၄ယောက်နဲ့ ရှမ်းလူမျိုး ၂၁ယောက် ကျန်နေသေးတယ်လို့ သူကပြောပါတယ်။

စခန်းထဲက ပြန်လည် လွတ်မြောက်လာတဲ့ ရှမ်းနီ တိုင်းရင်းသား တစ်ဦးက စစ်သားလုပ်ဖို့ အရည်အချင်းမမှီ လို့ KIA က သူ့ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ နှိပ်စက်ခံရတာ မရှိဘူးလို့ ပြောပြပါတယ်။

KIA မဟာဗျူဟာ လေ့လာရေး အဖွဲ့က ဗိုလ်မှူးကြီးခွန်နောင်က တော့ KIA စခန်းမှာ ဒေသခံတွေ ဝင်ထွက် သွားလာ ဆက်ဆံမှုတွေဟာ အရင်ကတည်းက ရှိနေခဲ့တယ် လို့ ဆိုပါတယ်။

KIA တပ်က ခေါ်သွားတဲ့ ဒေသခံ ရွာသားတွေ လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၊ ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

KIA ဘက်ကတော့ ရွာသားတွေကို ထိန်းသိမ်းတာဟာ စစ်သား စုဆောင်းရေး အတွက် မဟုတ်ဘူးလို့ ငြင်းဆိုပေမယ့် စခန်းမှာ ကျန်နေသေးတဲ့ ကချင်စကား တတ်တဲ့ ရှမ်းတိုင်းရင်းသားတွေကို လက်ရှိမှာ KIA က စစ်ရေး လေ့ကျင့်မှု သင်တန်းတွေ ပေးနေတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။