ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ ပွင့်လင်းမြင်သာတဲ့ ပြုပြင်ပြောင်းလဲရေး လို

USIAD အကြီးအကဲ ဒေါက်တာ ရာဂျစ်ဗ် ရှားနဲ့ အမေရိကန် သမ္မတ အိုဘားမား
ဓာတ်ပုံ ပုံစာ, USIAD အကြီးအကဲ ဒေါက်တာ ရာဂျစ်ဗ် ရှားနဲ့ အမေရိကန် သမ္မတ အိုဘားမား
ရေးသားခဲ့သည်။

မြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ နိုင်ငံတွင်း တာ၀န်ယူမှုရှိပြီး ပွင့်လင်းမြင်သာတဲ့ ပြုပြင်ပြောင်းလဲရေး လိုတယ်လို့ ရန်ကုန် UNOPS ရုံးမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ အမေရိကန် USAIDရဲ့ အကြီးအကဲ Dr.Rajiv Shah က ပြောလိုက်ပါတယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ Dr.Rajiv Shah ဟာ သူရဲ့ (၂)ရက်ကြာခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေကို ပိုမိုကူညီနိုင်ဖို့ ရည်ရွယ်ထားပြီး ရန်ကုန်နဲ့ မန္တလေး မှာ အစိုးရပိုင်း နဲ့ အရပ်ဖက်အဖွဲ့အစည်းက တာ၀န်ရှိသူတွေနဲ့ တွေ့ဖို့ရှိပါတယ်။

ကျေးလက်ဒေသ အရှိန်အဟုန် နဲ့ ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ထိရောက်မှုဆိုတဲ့ ခေါင်းစဉ် The Power of Partnerships to Accelerate Rural Development’ နဲ့ ပြုလုပ်တဲ့ ဟောပြောပွဲမှာ နိုင်ငံတကာက ရင်းနှီးမြုပ်နှံလိုတဲ့ ကုမ္ပဏီတွေ ၀င်လာဖို့အတွက် နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က အဓိက ကျတယ်လို့ အမေရိကန် USAIDရဲ့ အကြီးအကဲ Dr.Rajiv Shah က ပြောလိုက်ပါတယ်။

ဒီခရီးစဉ်နဲ့အတူ ကမ္ဘာတ၀န်းက နည်းပညာလုပ်ငန်းတွေကနေ ထုတ်လုပ်ရေး ကုမ္ပဏီတွေအထိ မြန်မာနိုင်ငံထဲကို လာရောက်လိုကြတာကြောင့် သူတို့ကို ခေါ်လာချင်ပေမယ့် ဒီလိုလုပ်ဖို့အတွက် နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပြီး ဒီဖြစ်စဉ်တွေကနေ ကျေးလက်ဒေသ အထိ တာ၀န်ယူမှုရှိတဲ့ ပွင့်လင်းမြင်သာမှုတွေ လိုနေပါသေးတယ်လို့ မစ္စတာ ဆန်ဂျစ်ဗ် ရှားက ပြောပါတယ်။

ဒီနှစ်ထဲမှာ လုပ်မယ့် အာဆီယံအစည်းအဝေး ကနေ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ဒီပြုပြင်ရေးဖြစ်စဉ် အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ပြသဖို့လိုတယ်လို့ Dr.Rajiv Shah က ပြောသွားခဲ့ပါတယ်။

USAID ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံအလုပ်အကိုင် (၈)သောင်းလောက်ဖန်တီးပေးနိုင်ခဲ့သလို လက်ရှိမြန်မာနိုင်ငံရဲ့ ဆန်စပါးအထွက်နှုန်းကို ၃၀%လောက် မြှင့်တင်ဖို့ လယ်သမားမိသားစု (၃)သိန်းကို လာမယ့်(၃)နှစ်တာကာလအတွင်း စိုက်ပျိုးရေးနည်းပညာသစ်တွေ ဝေငှနိုင်ရေး ဆောင်ရွက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေးအလားအလာကောင်းတွေ ရှိတဲ့နိုင်ငံဖြစ်ပြီး USAID အနေနဲ့ ကျေးလက်ဒေသစီးပွားရေးဖွံဖြိုးတိုးတက်မှု၊ အာဟာရဓာတ်ပြည့်၀မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေတိုးတက်လာဖို့ ကူညီမယ်လို့ Dr.Rajiv Shah ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေးကို အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေပေမယ့် မြေယာပိုင်ဆိုင်မှုလို လယ်သမား တွေရင်ဆိုင်နေရတာကတော့ အများကြီးရှိနေတာကြောင့် ဒီလို ကူညီမှုတွေကနေ ပြည်သူတွေကို တကယ်တမ်း အကျိုးဖြစ်ထွန်းဖို့လိုတယ်ဆိုတဲ့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။