မီဒီယာနဲ့ ပုံနှိပ်ဥပဒေ အတည်ပြု

Burma Media
ဓာတ်ပုံ ပုံစာ, ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို စာနယ်ဇင်း ကောင်စီ သဘောမတူ
ရေးသားခဲ့သည်။

သတင်း မီဒီယာဥပဒေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ နှစ်ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် ပါတယ်။

ဒီဥပဒေတွေနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်ကြားမှာသဘောထား တွေကွဲလွဲ ခဲ့ကြသလို စာနယ်ဇင်း ကောင်စီနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ကြားမှာ အပြင်းအထန် ညှိနှိုင်းခဲ့ကြရ ပါတယ်။

မီဒီယာဥပဒေကို စာနယ်ဇင်း ကောင်စီက ရေးဆွဲတာ ဖြစ်ပြီး ပုံနှိပ် ဥပဒေကိုတော့ ပြန်ကြားရေး က ရေးဆွဲတာပါ။

အခု အတည်ပြုလိုက်တဲ့ မီဒီယာ ဥပဒေမှာ စာနယ်ဇင်း ကောင်စီဘက်က လိုလားတဲ့ အတိုင်း ရာနှုန်းပြည့် မရပေမဲ့ ၇၅ ရာခိုင်နှုန်းတော့ ရခဲ့တယ်လို့ စာနယ်ဇင်း ကောင်စီ အတွင်း ရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

မီဒီယာတွေမှာ ဖော်ပြတဲ့ ကိစ္စတွေမှာ ကျင့်ဝတ်ပိုင်းအရ အရေးယူဖို့ ဖြစ်လာခဲ့ရင် မီဒီယာဥပဒေအရသာ အရေးယူဖို့ စာနယ်ဇင်း ကောင်စီက လိုလားပေမဲ့ ဒါကို လွှတ်တော် နှစ်ရပ်စလုံးက လက်မခံခဲ့ဘူးလို့ သူကဆိုပါတယ်။

သတင်းလွတ်လပ်မှု ဆိုတာဟာ ပေးမှ ရမယ်ဆိုတဲ့ အယူအဆနဲ့ လွတ်လပ်မှုနဲ့ ထိုက်တန်အောင် ကျင့်ဝတ်ပိုင်းကို လိုက်နာ သင့်တယ် ဆိုတဲ့ အယူအဆမှု ရှိကြောင်း၊ သတင်းသမားတွေ ကိုယ်တိုင်က လည်း လိုက်နာသင့်တာတွေကို လိုက်နာဖို့ လိုကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဆိုင်ရာဥပဒေကိုတော့ မရှိသင့်ဘူးလို့ စာနယ်ဇင်းကောင်စီက မူလ ကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။