အပူပိုင်းဒေသ အခြေအနေ အစီရင်ခံစာ ဆွေးနွေး သုံးသပ်

ကမ္ဘာ့ အပူပိုင်း ဒေသတွေရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်တဲ့ State of the Tropics ၂၀၁၄ခုနှစ် အစီရင်ခံစာ အကြောင်း 0nline ဆွေးနွေးပွဲကို ဒီကနေ့ မနက်က ရန်ကုန်မြို့ ကန်တော်ကြီး palace ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ၃နှစ်ကြာ လေ့လာ ပြုစုထားတဲ့ အဲဒီ အစီရင်ခံစာထဲမှာ အပူပိုင်း ဒေသ တွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အခြေအနေ အချက်အလက်တွေကို သုံးသပ် ဖေါ်ပြထားပါတယ်။
ဒီဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်း ပြောခဲ့ပြီး ပညာရေး စနစ် တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
အပူပိုင်း ဒေသတွေမှာ လူဦးရေ အလျင်အမြန် တိုးပွားလာနေသလို စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာနေတဲ့အတွက် အနာဂါတ် ကာလမှာ ကမ္ဘာပေါ်မှာ အပူပိုင်း ဒေသရဲ့ သြဇာ လွှမ်းမိုးမှုတွေ ကြီးထွားလာမယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ခန့်မှန်း သုံးသပ်ထားပါတယ်။
ဒီ 0nline ဆွေးနွေးပွဲကြောင့် အသိပညာတွေ တိုးပွားခဲ့ပြီး အကျိုးကျေးဇူးတွေ ရခဲ့ကြောင်းနဲ့ ဒီ အစီရင်ခံစာကို မြန်မာလို ဘာသာပြန်ပြီး ပြန်လည် ဖြန့်ချိပေးနိုင်ရင် ဒေသခံတွေအတွက် ပညာပေး အသိအမြင်တွေ တိုးပွားလာနိုင်မယ်လို့ ဒီဆွေးနွေးပွဲ ကို ကိုယ်တိုင် တက်ခဲ့တဲ့ FREDA သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဉီးအုန်းက ဘီဘီစီကို ပြောပြပါတယ်။

















