ရခိုင် အမျိုးသား ပါတီ ညီလာခံ ပြီးဆုံး

သံတွဲမြို့မှာ ၆ ရက်ကြာ ကျင်းပနေတဲ့ ရခိုင်အမျိုးသားပါတီ ညီလာခံ အင်္ဂါနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
အခု အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ရခိုင် အမျိုးသား ပါတီမှာ ဥက္ကဌအဖြစ် ဒေါက်တာ အေးမောင်၊ ဒုတိယ ဥက္ကဌတွေအဖြစ် ဥက္ကဌ(၁) ဦးဖိုးမင်းနဲ့ ဥက္ကဌ(၂) ဒေါ်အေးနုစိန် တို့ကို ရွေးချယ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ အရေးကြီးတဲ့ ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာတွေကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDPဘက်က ကိုယ်စားလှယ်တွေက ရသွားပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD ဘက်က တစ်ယောက်မှ မရခဲ့ပါဘူး။
ဒါပေမယ့်လည်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဉီးအေးသာအောင်တို့၊ ဦးဦးလှစောတို့ရဲ့ အကြံပြုချက်တွေက ပါတီ ရှေ့ဆက် သွားမယ့် လုပ်ငန်းစဉ် တွေအတွက် အထောက်အကူ ပြုမှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောသွားပါတယ်။
ဒီညီလာခံဟာ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ပါတီ နှစ်ခု ပေါင်းစည်းပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။
















