မိကျောင်းကန် သပိတ်စခန်း မဖယ်ပေးလို့ဆို

Michaungkan Protesters
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ နှစ်က မိကျောင်းကန် သပိတ်စခန်း ဆန္ဒပြသူများ
ရေးသားခဲ့သည်။

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ စခန်းချ ထားတဲ့ မိကျောင်းကန် သပိတ်စခန်းကို အောက်တိုဘာလ ၃ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား ဖျက်သိမ်း ပေးဖို့ အာဏာပိုင် တွေက သတိပေးထားပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာရေး အဖွဲ့ နဲ့ မြို့နယ် ရဲစခန်း တာဝန်ရှိသူတွေက လွန်ခဲ့တဲ့သုံးရက်လောက် ကတည်းက သပိတ်စခန်းဖျက်ပေးဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

အရင်က လူ ၃၀ နဲ့ ၄၀ လောက်သာ ရှိတဲ့ ရန်ကုန် မြို့လယ်က မိကျောင်းကန်သပိတ် စခန်းမှာ နောက်ဆုံး ပိတ်သိမ်းရမယ့် နေ့မှာ လူအယောက် ၁၀၀လောက် စုဝေး နေကြ ပါတယ်။

အာဏာပိုင်တွေဘက်က သတိပေးထား ပေမဲ့ သပိတ်စခန်းမှာ ရှိနေသူတွေကတော့ ဖယ်မပေးဘဲ ဖြစ်လာသမျှ ပြသနာတွေကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် အတွင်း မိကျောင်းကန် ရပ်ကွက် ၃ ခု က မြေနေရာ တွေကို တပ်ပိုင်မြေ အဖြစ် သိမ်းဆည်း ခဲ့တဲ့အတွက် အဲဒီက ဒေသခံတွေက ဟာ လွန်ခဲ့တဲ့ ၆ လကျော်ကစတင်ပြီး မြို့လယ်မှာ သပိတ်စခန်း ဖွင့်ထားခဲ့တာပါ။

အရင်က လည်း အာဏာပိုင်တွေက နှစ်ကြိမ် တိုင်တိုင် ဖယ်ရှားဖို့ ကြိုးစား ခဲ့တဲ့အတွက် ဒီတခါလည်း ထပ်မံ အင်အားသုံး ဖယ်ရှားမှာကို သပိတ်စခန်းက လူတွေက စိုးရိမ်နေကြပါတယ်။

မိကျောင်းကန်သပိတ်စခန်းက ယာယီ ခေါင်းဆောင် ကိုမောင်မောင်က တော့ သူတို့ရဲ့ မြေယာပြဿနာကို မဖြေရှင်းနိုင် သရွေ့ သပိတ်စခန်းကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လယ်ယာမြေသိမ်းဆည်းခံရမှုတွေ နဲ့ ပတ်သက်လို့ လွှတ်တော်ထဲက ဆွေးနွေးမှု တွေဟာ သူတို့အတွက် အကျိုးရလဒ်တွေ ရနိုင်ဖို့ လည်း သပိတ်စခန်းက လူတွေက မျှော်လင့်နေကြပါတယ်။

လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် အမတ် ဦးခိုင်မောင်ရီက စုံစမ်းရေး ကော်မရှင်ရဲ့ တာဝန်အတိုင်း လေ့လာ တွေ့ရှိချက် တွေကို လွှတ်တော်မှာ တင်ပြထားပြီး ဖြစ်လို့ အစိုးရပိုင်းက ဖြေရှင်း ဆောင်ရွက်ချက်တွေကိုလည်း ကော်မရှင် အဖွဲ့တွေက စောင့်ကြည့်ပြီး ပြန်လည် သုံးသပ်သွားနိုင်တယ်လို့ ပြောပါတယ်။

လောလောဆယ် လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေကို အစိုးရဘက်ပိုင်းက ထိထိရောက်ရောက် ဖြေရှင်း ပေးတာတော့ မရှိသေးတဲ့ အပြင် ဆန္ဒပြသူတွေကို ဖမ်းဆီး ပြစ်ဒဏ် ချမှတ် အရေးယူနေ တာတွေ ရှိပေမဲ့ မြေအသိမ်းခံရတဲ့ တောင်သူတွေကလည်း ဆန္ဒဖော်ထုတ်မှု တွေရှိနေတုန်း ဖြစ်ပါတယ်။