ကိုပါကြီး အလောင်းမှာ ကျည်ဆန်ရာတွေနဲ့ အခြား ဒဏ်ရာတွေ တွေ့

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာ စစ်တပ်က ထိန်းသိမ်းထားစဉ် ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရာ သေဆုံး သွားခဲ့တယ် ဆိုတဲ့ အလွတ် သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ပြန်ဖော်ပြီး စစ်ဆေးနေရာမှာ ကျည်ဆန်ရာလို့ ယူဆရတဲ့ အပေါက် ဒဏ်ရာတွေ အပြင် မေးရိုးကျိုး၊ နံရိုးတဖက် နိမ့်နေတာကို တွေ့ခဲ့ရတယ်လို့ မှုခင်း ဆရာဝန်တွေနဲ့ အတူ ဝင်ကြည့်ခွင့် ရခဲ့တဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ဘီဘီစီကို ပြောပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ်က မှုခင်း ဆေးပညာ ဆိုင်ရာ ပါမောက္ခ ဦးအောင်စိုး၊ ဖားအံခရိုင် ဆေးရုံက မှုခင်း ဆရာဝန်ကြီး ဦးခင်မောင်ဦးတို့ ကြီးကြပ်ပြီး အဖွဲ့လိုက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ဦးခေါင်းထိပ်မှာ အပေါက် တပေါက် တွေ့ရပြီး ဦးခေါင်းခွံ ပျက်စီးနေတာ တွေ့ခဲ့ရတယ်လို့ ဦးရောဘတ် စန်းအောင်က ပြန်ပြောပြပါတယ်။
ဆေးစစ် ထားတာတွေကို ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ပေးရမှာ ဖြစ်တဲ့အတွက် နောက်၂ပတ် ၃ပတ် လောက်ကြာမှ ဆေးစစ်ချက် ရလဒ် ထွက်လာမယ့် ပုံ ရှိတယ်လို့ ပြောပါတယ်။
ကိုပါကြီး ဘယ်လို သေဆုံးခဲ့တာလဲ ဆိုတာကို အမှုမှန် စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့အပြီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က အခုလို အလောင်း ပြန်ဖေါ် စစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ကို အလောင်း ပြန်သယ်ဖို့ ကိစ္စကိုတော့ ကျိုက်မရော ဒေသမှာ သီတင်း သုံးတဲ့ သံဃာတော် တွေနဲ့ ညှိနှိုင်း နေတယ်လို့ သိရပါတယ်။
















