မြန်မာပြည်မှာ ငှက်မျိုးစိတ်သစ်တွေ ထပ်တွေ့

bird
ဓာတ်ပုံ ပုံစာ, ဆောင်းခို ဌက်တွေရဲ့ ရွှေ့ပြောင်းမှု
ရေးသားခဲ့သည်။

၂ဝ၁ဝ ကနေ ၂ဝ၁၄ ခုနှစ် အတွင်း ငှက်မျိုးစိတ်တွေနဲ့ ပတ်သက်တဲ့ သုတေသန ရှာဖွေမှု အရ မြန်မာနိုင်ငံ မှာ ငှက်မျိုးစိတ် (၂ဝ) ထပ်မံ တွေ့ခဲ့ရပြီး ဒီထဲမှာ အရှေ့တောင် အာရှ နိုင်ငံတွေမှာ မတွေ့ရတဲ့ ငှက် မျိုးစိတ် အသစ် (၇)မျိုးကို တွေ့ရှိခဲ့ပါတယ်။

အခုတွေရတဲ့ ငှက်တွေထဲမှာ ဘဲလို နှုတ်သီးနဲ့ လည်ပင်း မှာ အနီရောင် အိတ်လို တွဲကျနေပြီး တကိုယ်လုံး အမည်းရောင် ရှိ တဲ့ ငှက်အမျိုးအစား အပြင် သိန်းငှက်ထက် အရွယ်အစား ငယ်တဲ့ငှက်တွေပါဝင် ပြီး ဒီငှက်တွေ ကို မြန်မာနိုင်ငံ မြောက်ပိုင်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အနီး တဝိုက်၊ တနင်္သာရီ ဒေသ နဲ့ မုတ္တမ ပင်လယ်ကွေ့ မှာ တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ မျိုးစိတ်တွေ ကို ငှက်တွေနဲ့ ပတ်သက်လို့ ရှာဖွေ လေ့လာမှုတွေ လုပ်နေတဲ့ အဖွဲ့တွေရဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အတည်ပြုခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ မှာ ထပ်မံတွေ့ရှိရတဲ့ ငှက်မျိုးစိတ် အသစ် (၂ဝ) ထဲမှာ မျိုးစိတ် (၇)မျိုးဟာ အရှေ့တောင် အာရှ နိုင်ငံတွေမှာ မရှိတဲ့ ဌက်မျိုးစိတ်တွေ လို့ ဆွေးနွေးပွဲမှာ ပါတဲ့ ဇီဝမျိုးစုံမျိုးကွဲ နဲ့ သဘာဝ ထိန်းသိမ်းရေးအသင်း ဘန်ကာ က ထုတ်ပြန်ပါတယ်။

ဘန်ကာအသင်း က ဒေါက်တာ သီရိဒေဝီအောင် ပြောတာက လောလောဆယ် မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်ပေါင်း (၁၁၁၄) မျိုး ရှိနေပြီး ဒီထဲက မျိုးစိတ် (၆)မျိုးကတော့ ဒီနိုင်ငံဘဲ တွေ့ရတဲ့ ဒေသရင်း ရှားပါး ဌက်မျိုးစိတ်တွေ ဖြစ်ပါတယ်။

ထပ် ပြီးတော့လည်း မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ် အသစ်တွေ ရှိနေနိုင်တယ် လို့ ငှက်ဝါသနာ ရှင်များ အသင်းက ဒုဥက္ကဋ္ဌ ဦးသိန်းအောင် က ပြောပါတယ်။

အခု ဌက်အသင်းအဖွဲ့ တွေကနေ တွေ့ခဲ့တဲ့ ငှက်မျိုးစိတ် အသစ် (၂၀) ဟာ မြန်မာနိုင်ငံရဲ့ ဒေသရင်း ငှက်အမျိုးအစား တွေလား ပြောင်းရွှေ့ ကျက်စားဖို့လာတဲ့ ဆောင်းခို ငှက်တွေလား ဆိုတာကို လေ့လာမှုတွေ ထပ်လုပ်မှာ ဖြစ်သလို သစ်တော ဝန်ကြီး ဌာနကို တင်ပြဖို့ ကျန်နေ ပါသေးတယ်။

မြန်မာနိုင်ငံမှာ ငှက် မျိုးစိတ်သစ်တွေ ထပ်မံတွေ့ ရှိနေပေမယ့် လည်း ငှက်တွေကို ဖမ်းဆီးစားသောက် တာ အလှမွေးတာ အပြင် ပိုက်ဆံပေးပြီး ပြန်လွှတ်ပေးတာမျိုး လို မလုပ်ဖို့ အသိပညာပေးမှု တွေ ပိုလုပ်ဖို့ လိုတယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။