အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ ပြန်ရုပ်သိမ်း

Information Minister U Ye Htut
ဓာတ်ပုံ ပုံစာ, ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောင်းလဲ လာတဲ့ အခြေ အနေတွေ အရ ရုပ်သိမ်းတာလို့ဆို
ရေးသားခဲ့သည်။

လွှတ်တော်မှာ တင်သွင်းထားတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကို ပြန်လည် ရုပ်သိမ်းဖို့ ပြန်ကြားရေး ဝန်ကြီးက မတ်လ ၁၈ ရက်နေ့က အဆိုတင်သွင်းရာမှာ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေဟာ ပုဂ္ဂလိက သတင်း မီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲအောင်လုပ်တဲ့ သဘောရှိတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခုတော့ ဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရုပ်သံလွှင့် ဥပဒေ၊ ပြောင်းလဲလာတဲ့ သတင်း စာနယ်ဇင်း အခြေအနေတွေကြောင့် တင်ထားပြီးသား ဥပဒေကို ပြန်လည် ရုပ်သိမ်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်မှာ လွန်ခဲ့တဲ့ တစ်နှစ်က စတင် တင်ပြထားခဲ့ပြီးတဲ့နောက် စာနယ်ဇင်း တွေနဲ့ ပြည်သူတွေရဲ့ ထောက်ပြ အကြံပြုချက်တွေကို ထည့်သွင်း စဉ်းစားဖို့နဲ့ ပြန်လည် ပြင်ဆင်ဖို့ လိုတယ်လို့ တွေ့ရှိရတဲ့ အတွက် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြောင်းလဲ ပြင်ဆင်ရေးဆွဲမယ့် ဥပဒေကြမ်းမှာ နည်းပညာနဲ့ စည်းမျဉ်း စည်းကမ်း ပိုင်းလောက်သာ ပြင်ဆင်ဖို့ ရှိပြီး ဘတ်ဂျက် ပုံစံ တော့ ပြောင်းစရာ မရှိဘူးလို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အများပြည်သူ ဝန်ဆောင်မှုမီဒီယာ အဖြစ် နိုင်ငံပိုင် မြန်မာ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ ၂ စောင်ကို နိုင်ငံတော်က ဘတ်ဂျက်ငွေ ၇၀ ရာခိုင်နှုန်း ယူပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်း ကို ကြော်ငြာ ထည့်ပေးတာက ရတဲ့ ငွေနဲ့ လုပ်ဆောင်မယ့် အတွက် ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲအောင် လုပ်တဲ့သဘောဖြစ် တယ် လို့ ဝေဖန် ထောက်ပြနေကြ တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ နဂိုအတိုင်းပဲ လွှတ်တော်ကို ထပ်တင်ရင် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်၊

ရွေးကောက်ပွဲလုပ်ဖို့ သိပ်မလိုတော့တဲ့ အတွက် အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေက အခုအစိုးရလက်ထက်မှာတော့ ဖြစ်လာဖို့ မလွယ်ဘူးလို့လည်း သူက သုံးသပ်ပါတယ်။