သပိတ်မှောက်ကျောင်းသားတွေ ပြန်လွှတ်ရေး NNER တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
အဖမ်းဆီး ခံ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကျောင်းသား တွေ နဲ့ ဝန်းရံသူ တွေ အားလုံး ကို ပြန်လွှတ် ပေးဖို့ နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ တုန်း က သဘောတူ ထား တဲ့ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက် ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER ရဲ့ ဒုတိယ ညီလာခံ ကနေ တောင်းဆို လိုက် ပါတယ်။
ဒီ တောင်းဆိုချက် တွေ ကို သမ္မတ ထံကို သီတင်း တစ်ပတ် အတွင်း တင် ပြ သွားမယ် ဆိုပြီး NNER အဖွဲ့ဝင် ဒေါက်တာ သိန်းလွင် က ဘီဘီစီ ကို ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြု ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ဝေဖန် သုံးသပ် မှု တွေ ဆက်လက် လုပ်ဆောင် သွား မှာ ဖြစ်ပြီး ကျောင်းသား တွေ လိုလား တဲ့ အချက် အလက် တွေ နဲ့ ကွဲလွဲ တာ တွေ ကိုလည်း သမ္မတ ဆီ တင်ပြ သွားမှာ ဖြစ်တယ် လို့ ဒေါက်တာ သိန်းလွင် က ဆိုပါတယ်။
သမ္မတ က ပညာရေး ဥပဒေ နဲ့ ပတ်သက်ပြီး လွှတ်တော် ကို အကြံ ပြု ချက် တွေ ပြုလုပ် တုန်း က ပါဝင်ခဲ့ တဲ့ မသင်မနေရ ပညာရေး နဲ့ ပညာရေး ပြုပြင် ပြောင်းလဲ မှု တွေ လုပ်တဲ့ အခါ သက်ဆိုင် သူတွေ အားလုံး ပါဝင် နိုင် ရေး လို အချက် တွေ ဟာ ကျောင်းသား တွေ လိုလား ချက် နဲ့ ကိုက် ညီ မှု ရှိခဲ့တယ် လို့ ဒေါက်တာသိန်းလွင် က ပြောပါတယ်။
လာမယ့် လ တွေ မှာ တိုင်းနဲ့ ပြည်နယ် အလိုက် NNER ကွန်ရက် တွေ ဖွဲ့ မှာ ဖြစ်ပြီး ဒေသ အလိုက် ကွန်ရက် တာဝန်ခံ တွေ ရဲ့ အစည်းအဝေးကို ဩဂုတ် လ မှာ ပြုလုပ် သွားမယ် ဆိုပြီး ဒေါက်တာ သိန်းလွင် က ပြောပါတယ်။

















