မဘသ ရေဒီယို အသံလွှင့်ရုံ တည်ထောင်မယ်

သူများဘာသာကို တိုက်ခိုက်မှာ မဟုတ်ပဲ ကိုယ့်ဘာသာ သာသနာကို ကာကွယ်ဖို့ မဘသက ရေဒီယို အသံလွှင့်ရုံ ထောင်မှာလို့ မိန့်
ဓာတ်ပုံ ပုံစာ, သူများဘာသာကို တိုက်ခိုက်မှာ မဟုတ်ပဲ ကိုယ့်ဘာသာ သာသနာကို ကာကွယ်ဖို့ မဘသက ရေဒီယို အသံလွှင့်ရုံ ထောင်မှာလို့ မိန့်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသကို ထိုင်းနိုင်ငံက သံဃာအဖွဲ့ တခုက ရေဒီယို အသံလွှင့်ရုံ တည်ထောင်နိုင်ရေးအတွက် အကူအညီပေးမယ်လို့ သိရပါတယ်။

အကူအညီပေးတဲ့ ထိုင်းသံဃာ အဖွဲ့ဟာ National Thai Buddhism and Cultural Mass Media Association ထိုင်း ဗုဒ္ဓဘာသာ နဲ့ ယဉ်ကျေးမှုဆိုင်ရာ လူထုမီဒီယာ အဖွဲ့ ဖြစ်တယ်လို့ AFP သတင်းထဲမှာ ဖေါ်ပြ ထားပါတယ်။

အဲဒီသံဃာ့ အဖွဲ့ဘက်က စကမ်းလှမ်းလာတာ ဖြစ်ပြီး ငွေသိန်း၇၀၀ နဲ့ သိန်း ၁၀၀၀ အကြား လှူဒါန်းမယ်လို့ မဘသ ဗဟို အလုပ်အမှုဆောင် ဆရာတော် ဦး ပါမောက္ခ က ဘီဘီစီကို မိန့်ပါတယ်။

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ မဘသရဲ့ လုပ်ဆောင်ချက်တွေ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကြီးပွားရာ ကြီးပွားကြောင်း ကိစ္စတွေ၊ မဘသ ဗဟိုက ရေးသားတဲ့ ဇာတိသွေး ဆောင်းပါးတွေ၊ ကောက်နုတ်ချက်တွေကို ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူများ ဘာသာကို တိုက်ခိုက်မှာ မဟုတ်ပဲ ကိုယ့်ဘာသာ သာသနာကို ကိုယ်ကာကွယ်သွားမှာ ဖြစ်ကြောင်းနဲ့ မဘသအဖွဲ့ရဲ့ မူဝါဒထဲမှာ အကြမ်းဖက်မှု ဖြစ်လာရင် ငြိမ်းချမ်းစွာ အဖြေရှာရမယ် ဆိုတာ ပါထားပြီး ဖြစ်တာမို့ ပြဿနာတွေ ဖြစ်လာစရာ မရှိဘူးလို့ ယူဆကြောင်း ဆရာတော် ဦး ပါမောက္ခ က မိန့်ပါတယ်။

မဘသ အဖွဲ့ထဲမှာ ရဟန်းသံဃာတွေရော၊ လူပရိသတ်ပါ ပါတဲ့အတွက် သံဃာတွေအနေနဲ့ ခွင့်ပြုမိန့် မရရင် ဝံသာနု ရက္ခိတ အဖွဲ့အနေနဲ့ လုပ်ရင်ရမယ်လို့ မျှော်လင့်ကြောင်းလည်း မိန့်ပါတယ်။