မြန်မာနိုင်ငံ ရေကြီးလို့ ထိခိုက် ပျက်စီးမှုများပြား

ဓာတ်ပုံ ရင်းမြစ်, bbc burmese
မြန်မာ နိုင်ငံ အထက်ပိုင်း နေရာ အတော် များများမှာ ရေကြီးမှုတွေ ဖြစ်နေတဲ့ အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့မှာ သေဆုံးသူ ၂၀ လောက်နဲ့ ရေဘေး ဒုက္ခသည် တစ်သိန်းနီးပါး လောက်ရှိနေပြီ ဖြစ်ပါတယ်။
ရေကြီးတဲ့ ဒေသတွေမှာ ရေထဲမျောပါ သွားတဲ့ အိမ်ခြေက ၁၂၀ နီးပါးရှိခဲ့ပြီး ရေဝင်တဲ့အိမ်ကတော့ တစ်သောင်း ခြောက်ထောင် နီးပါး ရှိပါတယ်။
ကယ်ဆယ်ရေး တွေကို အဓိကထား လုပ်နေလို့ အစပိုင်းမှာ ထောက်ပံ့ရေး မလုပ်နိုင်ခဲ့တာတွေလည်း ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဘီဘီစီကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ကြက်ခြေနီးအသင်း ဦးစီးမှူး ဦးတင့်ဝေက လည်း အစပိုင်းမှာ ရေကြီးလွန်းလို့ သွားလာရ ခက်ခဲတဲ့ အတွက် ကယ်ဆယ်ရေး မရောက်တဲ့ နေရာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း အစား အစာတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ပေးနိုင်တယ်လို့ သူက ပြောပါတယ်။
မိုးကြီးလို့ ဆည်ရေ ဖောက်ချတဲ့ အတွက် ဖြစ်လာတဲ့ ရေကြီး ရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့ တို့မှာ ရေဘေး ဒုက္ခ အဆိုးဆုံး ခံနေ ကြရ ပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေမျောတဲ့အိမ် ၃၀ ကျော်ရှိပြီးရေဝင်တဲ့အိမ် တစ်သောင်းခွဲ နီးပါး ရှိပါတယ်။ ရေဘေး ဒုက္ခသည် ကိုးသောင်းကျော် ရှိပါတယ်။
လူသေဆုံးမှုတွေက စစ်ကိုင်းမှာ ၇ ယောက်၊ မန္တလေးမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မှာ ၅ ယောက်နဲ့ ကချင်ပြည်နယ်မှာ ၁ ယောက်ဖြစ်ပါတယ်။
လယ်ယာမြေ ဧက သောင်းနဲ့ ချီပြီး ပျက်စီး ဆုံးရှုံးတယ်လို့ ဒေသခံတွေက ခန့်မှန်းပေမဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကို ဆက်သွယ်လို့ မရသေးတဲ့ အတွက် ပျက်စီးဆုံးရှုံးမှုတွေကို တရားဝင် မသိရသေးပါဘူး။
လာမယ့် ၄၈ နာရီအတွင်းမှာ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်ကလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒ ဦးစီး ဌာနက ထုတ်ပြန်ထားတဲ့ အတွက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ ရေကြီး နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။





















