ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် မြစ်ရေ သုံးသူတွေ အခက်တွေ့

ဓာတ်ပုံ ရင်းမြစ်, AFP
အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာအုပ်စုထဲက ရွာတွေမှာ မန္တလေး စက်မှုဇုံက ထွက်တဲ့ ရေဆိုးအနံ့တွေကြောင့် နေထိုင်မရ ဖြစ်နေသလို ဒုဋ္ဌဝတီ မြစ်ရေဟာလည်း သုံးမရအောင် ဖြစ်နေပြီး ရွာပေါင်း ၆၀လောက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မန္တလေး စက်မှုဇုံတွေကနေ ထွက်လာတဲ့ ရေဆိုးတွေကို စည်ပင်သာယာရေး ကော်မတီက ၁၀လက်မ သံပိုက်တွေနဲ့ မန္တလေးရဲ့ တောင်ဖက်နားက ဒုဋ္ဌဝတီ မြစ်ထဲကို စွန့်ပစ်တဲ့နေရာမှာ ညောင်ပင်စောက်ရွာထဲကို ဖြတ်သွားတဲ့ ပိုက်က ပေါက်နေလို့ ရွာသူရွာသားတွေ အနံ့ဆိုးတွေကြောင့် နေထိုင်မရ ဖြစ်နေတယ်လို့ သိရပါတယ်။
နောက်တခါ ဒုဋ္ဌဝတီမြစ်ထဲကို စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် မြစ်ရေ သုံးနေသူတွေအဖို့ အခက်တွေ့နေကြတယ်လို့ ညောင်ပင်စောက် ရွာသား ဦးထွန်းမြတ်က ပြောပါတယ်။
ဦးထွန်းမြတ် အပါအဝင် ဒေသခံ ရွာသူရွာသားတွေက သက်ဆိုင်ရာနဲ့ အာဏာပိုင် အဆင့်ဆင့်ကို ၃ကြိမ် တိုင်ကြားခဲ့ပေမယ့် အရေးမယူပေးဘူးလို့ ဆိုပါတယ်။
ဒီရေဆိုးတွေကြောင့် မြစ်ရေကို အသုံးပြုသူတွေဟာ ပိုက်လိုင်း အထက်မှာ သွားခပ်မှ သုံးရပြီး ပိုက်လိုင်းအောက်က ရွာ ၆၀ လောက်က မြစ်ရေကို သောက်သုံးလို့ မရ ဖြစ်နေတယ်လို့လည်း ဒေသခံရွာသူ ရွာသားတွေက ပြောပါတယ်။
မန္တလေးတိုင်း စည်ပင်သာယာကော်မတီအဖွဲ့ဝင် ဒေါက်တာ သွင်ကျော်ကျော်ကတော့ မြစ်ထဲကို စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် မြစ်ရေဟာ အန္တရာယ်ရှိတဲ့ အဆင့် မရောက်ဘူးလို့ ပြောပါတယ်။
စည်ပင်သာယာရေး အဖွဲ့အနေနဲ့ စက်ရေတွင်း တတွင်း တူးပေးထားပြီး ပေါက်နေတဲ့ ပိုက်လိုင်းတွေကိုလည်း ဖာထေးပေး ထားတယ်လို့ ပြောပါတယ်။
ဒေသခံတွေကတော့ ပိုက်လိုင်း ရွာလည်ခေါင်က ဖြတ်သွားတာ မကြိုက်ကြသလို မြစ်ထဲကို စွန့်ပစ်မယ်ဆိုရင် ရေကို ဒီထက်ပိုပြီး သန့်စင်တဲ့ အဆင့်ရောက်မှ စွန့်ပစ်ဖို့ လိုလားနေကြပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေတဲ့ အရပ်ဖက် အဖွဲ့တွေကတော့ မကြာခင် ကွင်းဆင်းလေ့လာပြီး သက်ဆိုင်ရာကို တင်ပြ အကူအညီ တောင်းခံပေးမယ်လို့ ဘီဘီစီကို ပြောပါတယ်။




















