ပူးတွဲကော်မတီဖွဲ့ရေး အစည်းအဝေး မတက်နိုင်ဘူးလို့ RCSS/SSA ငြင်းဆို

တနိုင်ငံလုံး အပစ်ရပ် သဘောတူရေး NCA ချုပ်ဆို ဖြစ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် တွေ နဲ့ ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့ မယ် ဆိုပြီး အစိုးရက ဖိတ်ခေါ် ထားတဲ့ ရန်ကုန် အစည်းအဝေး ကို သွား မတက်တော့ဘူး လို့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA က ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တဲ့နောက် RCSS/SSA က အခုလို ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကပဲ ရှမ်းပြည် နယ် ထဲက ဒေသတချို့ မှာ အစိုးရတပ် နဲ့ကြား တိုက်ပွဲတွေ ဖြစ်ပေါ်လာတဲ့ အတွက် အခုလို ရန်ကုန် ခရီးစဉ် ကို ဖျက်သိမ်း လိုက်တာ ဖြစ်တယ် ဆိုပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ကို ဦးဆောင် ဆွေးနွေးနေတဲ့ ဝန်ကြီး ဦးအောင်မင်း ဆီကို လည်း စာ တစ်စောင် ရေးသား ပေးပို့မယ် လို့လည်း ဗိုလ်မှူးကြီး စိုင်းလ က ဆိုပါတယ်။
အဲဒီ့စာထဲ မှာ စက်တင်ဘာ ၂၀ ရက် နေ့ ရန်ကုန် အစည်းအဝေး ကို မတက်ရောက် တော့မယ့် အကြောင်း အပါအဝင် တောင်းဆို ချက်တွေ နဲ့ လက်ရှိ အခြေအနေ တွေကို ထည့်သွင်း ရေးသား သွားမယ် ဆိုပြီး ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း အနေနဲ့ NCA ကို ကန့်ကွက်တဲ့ သဘောမဟုတ်ပဲ လက်ရှိ မြေပြင် တိုက်ပွဲ တွေ ရပ်ဆိုင်းပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှု ပြန်လည် ဖြစ်ထွန်း လာမှပဲ NCA ကိစ္စ ကို ဆက်လက် စဉ်းစားမယ် ဆိုပြီး ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
















