အလင်္ကာပုလဲပန်း၊ ဒုတိယက္ခရာတွေထဲက ကိုယ်ပျောက်အသံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီ အလင်္ကာပုလဲပန်း
- ရေးသားခဲ့သည်။
စလုံး၊ ဆလိမ် အသံချင်းတူသလား
စိတ်မကောင်းဘူးကွာလို့ ပြောတာကို ဆိတ်မကောင်းရင် သိုးမွေးပါလားလို့ ဟာသ လုပ်တာ ခုခေတ်မှာတော့ မဆန်းတော့ပါဘူး။ ဆရာကြီးတွေကတော့ အဲဒီဟာသကို အလွန်ကဲ့ရဲ့ ရှုတ်ချတတ်ကြပါတယ်။ "စိတ်"နဲ့ "ဆိတ်"ကို ကွဲအောင် မရွတ်ဆိုနိုင်ကြလို့ ဒီဟာသ ဖြစ်လာတာမို့ ရှက်စရာ ကောင်းတယ်လို့ ယူဆကြပါတယ်။ ရှက်စရာကို ရှက်စရာမှန်း မသိရကောင်းလားလို့လည်း အပြစ်တင်တတ်ကြပါတယ်။ ဆရာမောင်သာနိုး မကြာခဏ ပြောတတ်တာကို သတိထားမိပါတယ်။
အဲသလို ပြောဆိုနေတဲ့ကြားကပဲ တောင်းဆိုနေရင် နေထုတ်လှန်းလိုက်ကွာ ဆိုတဲ့ ဟာသစကားတခု ထပ်ပေါ်လာပြန်ပါတယ်။ စောစောက အမှားနဲ့ ထပ်တူပါပဲ။ "တောင်းစို"တာနဲ့ "တောင်းဆို"တာကို အသံအတူတူလို့ထင်တဲ့ အတွက် ဒီဟာသ ပေါ်လာတာပါ။
သိလျက်နဲ့ အသံချင်း နီးစပ်လို့ ဟာသလုပ်တာပါလို့ ပြောမယ်ဆိုလည်း ပြောကြပါ။ ဒါပေမယ့် နီးစပ်ရုံသာ နီးစပ်ပြီး ထပ်တူမကျတာကိုတော့ မြန်မာလူမျိုးမှန်ရင် သိသင့်သိထိုက်ပါတယ်။
တကယ်လို့ စလုံးနဲ့ ဆလိမ်ကို အသံထွက် ထပ်တူပဲလို့ ထင်လာရင်တော့ ပြဿနာရှိပါတယ်။ အဲသလို ထင်နေတဲ့သူတွေ အများကြီးပါ။ ဘယ်လိုမှ ကွဲအောင် မရွတ်ဆိုနိုင်ကြတာကိုလည်း ပြဿနာလို့ပဲ ပြောရပါမယ်။ စလုံးနဲ့ ဆလိမ်ကို နားထဲမှာ မကွဲပြားတာ၊ တသံတည်း ကြားနေကြတာကလည်း ပြဿနာပါပဲ။ နားနဲ့လျှာဟာ ပြဿနာချင်း ဆက်စပ်နေပါတယ်။ နားကမကွဲလို့သာ လျှာကလည်း ကွဲအောင် မရွတ်တတ်တာပါ။ နားက အတူတူထင်နေလို့သာ ကွဲအောင် ရွတ်ဆိုရကောင်းမှန်းမသိတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပထမက္ခရာနဲ့ ဒုတိယက္ခရာ
ဗမာ အက္ခရာတွေထဲမှာ ပထမ အက္ခရာတွေ အားလုံးဟာ သိထိလ အက္ခရာတွေ ဖြစ်ပါတယ်။ ဒုတိယအက္ခရာတွေ အားလုံးက ဓနိတပါ။ ပထမ အက္ခရာတွေ အားလုံးဆိုတာက က၊စ၊ဋ၊တ၊ပ ဆိုတဲ့အက္ခရာတွေကို ပြောတာပါ။ ဒုတိယ အက္ခရာတွေ အားလုံးဆိုတာက ခ၊ဆ၊ဌ၊ထ၊ဖ ဆိုတဲ့ အက္ခရာတွေကို ပြောတာပါ။ ပထမ အက္ခရာကို ပထမက္ခရာ၊ ဒုတိယအက္ခရာကို ဒုတိယက္ခရာဆိုပြီး "အ"ကိုချေပြီး ပြောလေ့ပြောထရှိပါတယ်။ အတူတူပါပဲ။
သိထိလကို သံလျော့လို့ခေါ်ပြီး ဓနိတကို သံတင်းလို့ ခေါ်ကြပါတယ်။ သံနုံ့၊ သံထင်လို့ခေါ်တာလည်း ရှိပါသေးတယ်။ ရှုပ်မှာစိုးလို့ သံနုံ့၊ သံထင်တွေကို အခုမပြောသေးဘဲ ချန်ခဲ့ပါမယ်။
လေထွက် အက္ခရာနဲ့ လေမထွက်အက္ခရာ
ပထမက္ခရာတွေအားလုံးဟာ လေမထွက်တဲ့ အက္ခရာတွေ ဖြစ်ပါတယ်။ ဒုတိယက္ခရာတွေအားလုံးဟာ လေထွက် အက္ခရာတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ပထမက္ခရာတွေကို ရွတ်ဆိုရင် လေမထွက် ရဘူး။ ဒုတိယက္ခရာတွေကို ရွတ်ဆိုရင် လေထွက်အောင် ရွတ်ဆိုရတယ်။ အဲဒါမှ အသံထွက် ပီသတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စနဲ့ဆကို ဘယ်လိုကွဲအောင် ရွတ်ကြမလဲ
ကနဲ့ခကိုတော့ ဗမာတိုင်း ကွဲအောင် ရွတ်တတ်ကြရဲ့။ တနဲ့ထကိုလည်း ကွဲအောင် ရွတ်တတ်ကြရဲ့။ စနဲ့ဆ ကျမှသာ ကွဲအောင် မရွတ်တတ်သူတွေ များနေကြတာလေ။ ဒီတော့ စနဲ့ဆကို ဘယ်လိုကွဲအောင် ရွတ်ကြမလဲ။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အီလီနွိုင်း တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးစောထွန်းကတော့ ဒီလို အကြံပေးပါတယ်။ ပါးစပ်ရှေ့မှာ တစ်ရှူးစက္ကူလိုမျိုး စက္ကူ ပါးပါးသေးသေးလေး ထောင်ပြီး ရွတ်ကြည့်ပါ။ စလုံးကို ရွတ်ရင် လေမထွက်ပါစေနဲ့။ ဆလိမ်ကို ရွတ်ရင် လေထွက်အောင် ရွတ်ဆိုပါ။ လေထွက်အောင် ရွတ်လိုက်ရင် တစ်ရှူးစက္ကူလေး လှုပ်သွားတာကို တွေ့ရပါလိမ့်မယ်။ လေထွက်အောင် ရွတ်တဲ့အသံနဲ့ လေမထွက်အောင် ရွတ်တဲ့အသံ၊ တစ်ရှူးစက္ကူလှုပ်တဲ့အသံနဲ့ တစ်ရှူးစက္ကူ မလှုပ်တဲ့အသံ တခုနဲ့တခု မတူကြဘူးဆိုတာ သေသေချာချာ သတိထားကြည့်ရင် သိပါလိမ့်မယ်။
တကယ်တော့ အဲသလို လေထွက်အောင် ရွတ်ဆိုရတာနဲ့ လေမထွက်အောင် ရွတ်ဆိုရတာဟာ စလုံးနဲ့ ဆလိမ် နှစ်လုံးထဲ မဟုတ်ပါဘူး။ ကနဲ့ခ၊ တနဲ့ထ၊ ပနဲ့ဖ မှာလည်း အတူတူပါပဲ။ က၊တ၊ပ တို့ကို ရွတ်ရင် လေမထွက်ရပါဘူး။ ခ၊ထ၊ဖ တို့ကို ရွတ်ရင် လေထွက်ကို ထွက်အောင် ရွတ်ရပါတယ်။ အဲဒါမှ အသံပီသပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာ့ကြောင့် ဒုတိယက္ခရာဟာ လေထွက်သံတွေ ဖြစ်နေသလဲ
မြန်မာ အက္ခရာတွေထဲမှာ "ဟ"ဆိုတဲ့ အက္ခရာဟာ လေထွက် ရွတ်ဆိုရတဲ့ အက္ခရာ ဖြစ်ပါတယ်။ လေထွက်အောင် ရွတ်ဆိုမှသာ "ဟ"သံဟာ ပီသပါတယ်။
ဒုတိယက္ခရာတွေ အားလုံးဟာ ဘာ့ကြောင့် လေထွက် အက္ခရာတွေချည်း ဖြစ်နေကြသလဲဆိုတော့ ဒုတိယက္ခရာ အားလုံးထဲမှာ "ဟ"ဆိုတဲ့ အသံဟာ တိတ်တဆိတ် ပါဝင်နေကြလို့ပါပဲ။ ဘယ်လို တိတ်တဆိတ် ပါဝင်နေကြသလဲဆိုတော့ ဒုတိယက္ခရာ အားလုံးဟာ ပထမက္ခရာထဲမှာ "ဟ" ထည့်ပေါင်းထားတဲ့ အက္ခရာတွေ ဖြစ်နေတဲ့ အတွက် ဟသံဟာ ကိုယ်ပျောက် ပါဝင်နေတာဖြစ်ပါတယ်။
က+ဟ=ခ
စ+ဟ=ဆ
ဋ+ဟ=ဌ
တ+ဟ=ထ
ပ+ဟ=ဖ
ဖြစ်ပါတယ်။
"ဟ" ဟာ အက္ခရာမပေါ်လွင်ဘဲ အသံပါနေတဲ့အတွက် ကိုယ်ပျောက်အသံလို့ ကျွန်တော်သုံးနှုန်းတာ ဖြစ်ပါတယ်။ ဒုတိယက္ခရာတွေထဲမှာ "ဟ"အသံဟာ အဲသလို ကိုယ်ပျောက်ပါဝင်နေတဲ့ အတွက် ဒုတိယက္ခရာ အားလုံးကို ရွတ်ဆိုတဲ့အခါ လေထွက် ရွတ်ဆိုရတာ ဖြစ်ပါတယ်။
နာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းတဲ့အခါ
မြန်မာနာမည်ကို ဟန်တား Hunter စနစ်အရ အင်္ဂလိပ် အက္ခရာနဲ့ စာလုံးပေါင်းတဲ့အခါ ဒုတိယက္ခရာတွေအားလုံးအတွက် "ဟ"သံပါအောင် H ထည့်ထားပါတယ်။ "က"သံကို K နဲ့ပေါင်းပြီး "ခ"သံကို Kh လို့ပေါင်းပါတယ်။ ဒါဟာ မြန်မာစနစ်ကို အခြေခံထားတာပါ။ "က" ထဲမှာ "ဟ" ထပ်ထည့်ထားတာပါ။ "တ"သံကို T နဲ့ ပေါင်းပြီး "ထ"သံကို Ht နဲ့ပေါင်းပါတယ်။ ဘာလို့ Th လို့မပေါင်းသလဲဆိုတော့ အင်္ဂလိပ်မှာ Th သံတွေဟာ "သ" သံနဲ့ အသံထွက်နှင့်ပြီးသားမို့ပါ။ "ပ"သံကို P နဲ့ပေါင်းပြီး "ဖ"သံကို Ph နဲ့ ပေါင်းပါတယ်။ "စ"သံကို S နဲ့ပေါင်းပြီး "ဆ"သံကို Hs နဲ့ပေါင်းပါတယ်။ ဘာလို့ Sh မသုံးသလဲဆိုတော့ အင်္ဂလိပ်မှာ Sh သံတွေဟာ ရှ သံနဲ့ အသံထွက်နှင့်ပြီးသားမို့ပါ။
ဒုတိယက္ခရာတွေထဲမှာ ဟသံပါတယ်ဆိုတာနဲ့ အဲသလို ဟသံပါတဲ့ အတွက်ကြောင့် ဒုတိယက္ခရာတွေကို ရွတ်ဆိုရင် လေထွက်ရွတ်ဆိုရတယ်ဆိုတဲ့ အချက် ၂ ချက်ကို သဘောပေါက်ရင် စလုံးနဲ့ ဆလိမ်ကို ကွဲပြားအောင် အသံထွက် ရွတ်ဆိုဖို့ မခက်တော့ပါဘူး။



















