အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ မေးမြန်းခန်း အပိုင်း (၁)

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Image
၁၉၄၆ ခုနှစ်ဖွား ဦးအောင်ကြည်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တပ်မတော် အစိုးရခေတ်တွင် အလုပ်သမားဝန်ကြီး ဖြစ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် တပ်မတော်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေးတာဝန်ခံ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့တွင်လည်း ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရခေတ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတက ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၁၂ ဦးပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ယူခဲ့ပြီး လက်ရှိ အချိန်အထိ တာဝန်ထမ်းဆောင်နေသည်။
ဦးအောင်ကြည် ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ယခု နှစ်ပိုင်းများအတွင်း အစိုးရ ဝန်ကြီးဌာန အစုံမှ အဆင့်မြင့် ထိပ်တန်း အရာရှိကြီးများကို အဂတိ လိုက်စားမှုနှင့် အရေးယူမှုများ ပြုလုပ်လာခဲ့သည်။ ထင်ရှားသည့် အမှုများတွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဥပဒေချုပ်၊ အစားအသောက် ဆေးဝါး ကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၂) သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအမှု စသည်တို့ ပါဝင်သည်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အကြောင်းကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် သီးသန့် တွေ့ဆုံ မေးမြန်းထားသည်။
ဘီဘီစီ - ဥက္ကဋ္ဌ ဦးအောင်ကြည် အနေနဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အလုပ်တွေကို ပြန်လည် သုံးသပ်ရင် အားသာချက်၊ အားနည်းချက် ဘာတွေ ရှိမလဲ ခင်ဗျာ။
ဦးအောင်ကြည် - ကျွန်တော်တို့မှာ အဓိကအရေးကြီးတဲ့ အရင်းအမြစ်က တိုင်ကြားမှု ယန္တရားကို စီမံခန့်ခွဲတဲ့ အလုပ်ပါပဲ။ အဲ့တော့ ဒီတိုင်ကြားမှု ယန္တရားဟာ ဆိုလို့ရှိရင် ကျွန်တော် တာဝန်ယူပြီးတဲ့ ကာလမှာ အဆပေါင်းများစွာ တိုးတက်လာတဲ့ အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွင်းမှာဆိုရင် တိုင်ကြားစာပေါင်း ၁၁,၀၀၀ လောက် အထိတောင် လက်ခံရရှိပြီး ကိုင်တွယ်ဖြေရှင်းပေးရတာတွေရှိတယ်။ ပြီးတဲ့အခါ ဆိုရင် ဒီထဲမှာ အရေးယူဆောင်ရွက်တာတွေလည်း ရှိတယ်။ အရေးကြီးတဲ့ အမှုအခင်းတွေ ပါလာတာတွေ့ရတယ်။ အဲ… ပြီးတဲ့အခါကျတော့လည်း ကျွန်တော်တို့က ဒါတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါမှာကျတော့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တာ တွေ့ရတာပေါ့နော်။ နောက်တစ်ပိုင်းကျတော့လည်း ကျွန်တော်တို့ ပညာပေးရေး အပိုင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဒီပညာပေး လုပ်ငန်းကို များများ လုပ်နိုင်လေ အဂတိလိုက်စားမှုဖြစ်နိုင်ခြေက လျော့ပါးသွားတာပေါ့။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ ရှိခဲ့သလို ကုန်သည်စီးပွား စက်မှုလုပ်ငန်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ခဲ့တာတွေလည်း တော်တော်လေး ထိထိရောက်ရောက် ဖြစ်လာခဲ့တာတွေ့ပါတယ်။ ကျွန်တော်က အဲ့ဒီအပိုင်းမှာ ပိုပြီးတော့ အားရပါတယ်။
ဘီဘီစီ - ဥပဒေအရဆိုရင် လာဘ်ပေးတဲ့သူရော၊ လာဘ်ယူတဲ့သူရော အရေးယူ ခံရနိုင်တဲ့ အခြေအနေမျိုးတွေရှိတယ်ပေါ့နော်။ အဲ့လိုအခြေအနေမျိုးမှာဆိုရင် ဥပမာ- ကိုယ်က လာဘ်ပေးခဲ့ရလို့ ကိုယ်က ပြီးတော့မှ မကျေနပ်လို့ တိုင်ကြားတယ်ပေါ့နော်။ အဲ့ဒါမျိုးဖြစ်တဲ့အတွက်ဆိုရင် တိုင်ကြားသူမှာရော ဥပဒေအရ အရေးယူခံရနိုင်တဲ့ အနေအထားမျိုး ဖြစ်မသွားနိုင်ဘူးလား ခင်ဗျ။
ဦးအောင်ကြည် - ဘယ်လိုစဉ်းစားသလဲဆိုလို့ရှိရင် တောင်းဆိုတဲ့သူက Demand (တောင်းဆိုခြင်း) လုပ်တယ်ပေါ့။ သူက Demand လုပ်လာလို့ ဟိုကနေပြီးတော့ ပေးရတယ်ဆိုတာမျိုး။ ဥပမာ- ဌာနတစ်ခုမှာ တစ်စုံတစ်ခုပေါ့၊ အမှန်ကတော့ အများပြည်သူကို ပေးရမယ့် ဝန်ဆောင်မှုပဲလေ။ အဲ့ဒီဝန်ဆောင်မှုကို လိုချင်တယ် ပြည်သူတစ်ယောက်က၊ ပြည်သူ တစ်ယောက်က ဒီဝန်ဆောင်မှုကို လိုချင်တဲ့ အခါမှာ ရိုးရိုးတန်းတန်းလည်း မရနိုင်ဘူး၊ ဟိုကနေ Demand လုပ်နေပြီ။ ဒါ ပေးမှ ဒါရမယ်။ အဲ့ဒီအခါမှာ အလုပ်ရှုပ်လည်း မခံချင်တဲ့အတွက် သူက ပေးလိုက်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့ အရေးယူမယ်ဆိုရင် တရားမျှတမှုရှိမှုရှိမှာ မဟုတ်ပါဘူး။
အဲ… အဲ့ဒီလိုမဟုတ်ဘဲနဲ့ တချို့ဟာလေးတွေကျတော့ ပေးတဲ့သူက အကျိုးစီးပွားရှိတယ်၊ ပေးတဲ့လူက ပေးကို ပေးချင်တယ်။ ဒီလိုပေးခြင်းအားဖြင့် သူ့ဆီကနေ (ဌာနဆိုင်ရာဆီကနေ) အခွင့်အရေး တစ်ခုကို ပြန်ရချင်တယ်။ အဲ… အဲ့ဒီလို သူမခံစားထိုက်တဲ့ အခွင့်အရေးတခုကို သူ ပြန်ရချင်တဲ့အတွက် ဒီလို ရည်ရွယ်ချက်မျိုးနဲ့ ပေးတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဥပဒေအရ ပေးတဲ့သူရော၊ ယူတဲ့သူရော အရေးယူ ဆောင်ရွက်တာတွေရှိပါတယ်။
ဘီဘီစီ - ကိုယ့်ရဲ့ အကျိုးလိုတဲ့ အတွက် ရေလောင်းတယ် ဆိုတာမျိုးဆိုတဲ့ ဖြစ်စဉ်မျိုးမှာ များသောအားဖြင့် လုပ်ပိုင်ခွင့် တစ်ခုပဲဖြစ်ဖြစ်၊ တစ်ခုခုအတွက် စီးပွားရေး လုပ်ငန်းရှင်တွေက ပေးတာပဲဖြစ်ဖြစ် ဒီလိုမျိုးဖြစ်စဉ်ပေါ့နော်။ အခု ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလမှာဆိုရင် ဒီလိုမျိုး အရေးယူဆောင်ရွက်တာမျိုး ဘယ်လောက် လုပ်နိုင်တာတွေ ရှိလဲဗျ။
ဦးအောင်ကြည် - တောင်းဆိုတဲ့ လူရော၊ ပေးတဲ့ လူရောပေါ့နော် အရေးယူရတဲ့ အခြေအနေလေးတွေရှိပါတယ်။ တချို့ ကိစ္စလေးတွေမှာကျတော့ ကျွန်တော်တို့ရဲ့ ဥပဒေနဲ့ပဲ နှစ်ဘက်စလုံးကို တပြိုင်နက်တည်း အရေးယူခဲ့တာရှိတယ်။ ဒါပေမဲ့ နည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလက။ ဘာကြောင့်နည်းခဲ့ရတာလဲ ဆိုတော့ ဒီ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာ စတုတ္ထ အကြိမ်ပြင်ဆင်မှု မတိုင်ခင်တုန်းက ရေးထားတဲ့ အချက်အလက်တွေထဲမှာ ပေးတဲ့လူကို အရေးယူဖို့ကိစ္စဟာ နည်းနည်းလေး ဥပဒေကြောင်း အရ အခက်အခဲတွေရှိနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စတုတ္ထ အကြိမ်ပြင်ဆင်မှု ထုတ်လိုက်တဲ့အချိန်မှာ ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်မှာ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ စတုတ္ထ အကြိမ် ပြင်ဆင်ချက် ဥပဒေပေါ့။ အဲ့ဒီဥပဒေထွက်ပြီးပြီ ဆိုတဲ့အချိန်ကနေ စပြီးတော့ ကျွန်တော်တို့အရေးယူဆောင်ရွက်မှုကတော့ ပေးတဲ့သူလည်း လွတ်လွတ်လပ်လပ် မည်သူမဆိုဖြစ်သွားပြီပေါ့နော်။ မည်သူမဆိုဖြစ်တဲ့အတွက် ကျွန်တော်တို့က အရေးယူလို့ရတယ်။ နောက်ပိုင်းကျလာရင်တော့ ပေးတဲ့သူရော ယူတဲ့သူရော ပါလာနိုင်တဲ့အနေအထားပိုပြီးတော့ များလာနိုင်တာပေါ့နော်။
ဘီဘီစီ - ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာဆိုရင် အဂတိလိုက်စားမှုတွေကို ကြည့်မယ်ဆိုရင် အမျိုးအစားအရ ဘယ်လိုအမျိုးအစားတွေ ခွဲနိုင်မလဲခင်ဗျ။
ဦးအောင်ကြည် - အဓိက ကတော့ ပြီးခဲ့တဲ့ကာလ ခုန ကျွန်တော်ပြောခဲ့တဲ့ Case (အမှု) တွေ များပါတယ်။ ဥပဒေပြင်ဆင်ချက် မတိုင်ခင်က အမှုတွေများပါတယ်။ အဲ့ဒါကြောင့်မို့လို့ အဓိကအားဖြင့် တံစိုးလက်ဆောင်ပေးတဲ့ကိစ္စ၊ လာဘ်ပေးလာဘ်ယူ ပေးတဲ့ ကိစ္စတွေပဲ အဓိကပါခဲ့တာဖြစ်တယ်။ ဒီနှစ်ထဲ ရောက်တဲ့ အခါကျတော့မှ ကျွန်တော်တို့ရဲ့ ဥပဒေကလည်း ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေ ထိခိုက်နစ်နာ ဆုံးရှုံးစေမှုဆိုတဲ့ ကိစ္စပါလာတဲ့အခါကျတော့မှ စတုတ္ထ အကြိမ် ပြင်ဆင်ချက် ဥပဒေထဲမှာ ပါလာတဲ့ အခါကျတော့မှ ကျွန်တော်တို့က ဒီ နိုင်ငံတော် ဘဏ္ဍာထိခိုက် ဆုံးရှုံးမှုကို ကာကွယ်တဲ့ အနေအထားမျိုးနဲ့ အရေးယူဆောင်ရွက်မှုလေးတွေဟာ ပိုပြီးတော့များလာတဲ့ အနေအထားဖြစ်ပါတယ်။
ဘီဘီစီ - ရုံးယန္တရားမှာရှိနေတဲ့ လာဘ်ပေး၊ လာဘ်မှုကို အရေးယူနိုင်သလိုမျိုး အဲ့ထက်ပိုပြီးတော့ ဒီ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တဲ့ အမှုမျိုး၊ ကိုယ့်ရဲ့ ရာထူးအာဏာကို အသုံးချတဲ့ အမှုမျိုး ဆိုရင်ရော ဘယ်လောက်အတိုင်းအတာအထိ အရေးယူမှု ပြုလာနိုင်ပြီလဲ ခင်ဗျ။
ဦးအောင်ကြည် - အခုဆိုလို့ရှိရင်တော့ ဒီ နောက်ပိုင်းမှာတွေ့ရတဲ့ အနေအထားပေါ့နော်၊ ကျွန်တော်တို့ လောလောဆယ် စစ်ဆေးနေတဲ့ အမှုတွေရဲ့ အနေအထားအရဆိုရင်တော့ လုပ်ပိုင်ခွင့်အာဏာရှိသူတွေအပေါ်မှာ အရေးယူမှုတွေ ပိုပြီးတော့များလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။
ဘီဘီစီ - အဆင့်မြင့် ရာထူးတွေယူထားတဲ့ လူကြီးတွေ တချို့ မှာဆိုရင် အနားယူခဲ့ရတာတွေရှိတယ်။ ဘာကြောင့် မှန်းတော့ မသိဘူးပေါ့လေ။ ဟိုဒီလိုမျိုး အနားယူလိုက်ပါသည်ပေါ့။ ဒါပေမဲ့ ဘေးက အများအမြင်နဲ့ ကောလာဟလပဲ ဖြစ်ရင်ဖြစ်မယ်။ တချို့ လုပ်ပိုင်ခွင့် အလွဲသုံးစားအမှုတွေရှိတယ်ဆိုတာမျိုးတွေ ပြောကြတာ ရှိပါတယ်။ ဒီလိုမျိုးတွေဟာကို ကျော်စောမှုနဲ့ဖြစ်ဖြစ် တစ်ခုခုပေါ့နော် အဂတိတိုက်ဖျက်ကော်မရှင်အနေနဲ့ ဒီလိုမျိုးအမှုတွေကို စုံစမ်းနိုင်ခွင့်ဘယ်လောက်ရှိနေပြီလဲ၊ စုံစမ်းဖို့ အလားအလာရော ဘယ်လောက် ရှိလဲခင်ဗျ။
ဦးအောင်ကြည် - သတင်းတစ်ခုက ပျံ့နှံ့ရမယ်။ ပြီးတော့ အဲ့ဒီထဲမှာ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သံသယ မကင်းမှုလည်း ပါရမယ်။ ဒီသတင်းထဲမှာ တစ်စုံတစ်ရာပေါ်မှာ အဂတိလိုက်စားမှု ဖြစ်နိုင်တယ်ဆိုတာလည်း ပါရမယ်။ ဒါ ဒုတိယအချက်ပေါ့။ နောက် တတိယအချက်က အဲ့ဒီ သံသယ မကင်းမှုကို ဖော်ထုတ်ဖို့အတွက် ခိုင်လုံတဲ့ အထောက်အထားလည်း ရနိုင်ဖို့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ရမယ်။ ကျွန်တော်တို့ဆိုတာ ကော်မရှင်က ယုံကြည်ရမယ်။ အဲ့ဒီလို အရည်အချင်း ၃ ရပ်နဲ့ ပြည့်စုံမှ ကော်မရှင်မှာ ကျွန်တော်တို့ ဒီသတင်းကို အစည်းအဝေးထိုင်ရတယ်။ ကော်မရှင်ရဲ့ အစည်းအဝေးတိုင်းဟာ ကျွန်တော်တို့ အများစုဆန္ဒနဲ့ ဆုံးဖြတ်တာမဟုတ်ဘူး။ ကျွန်တော်တို့က ဘယ်လို ဆုံးဖြတ်လဲ ဆိုလို့ရှိရင် Sufficient Consensus အားလုံးပါဝင်နိုင်တဲ့ ဆန္ဒသဘောထားနဲ့ ကျွန်တော်တို့က ဆုံးဖြတ်တယ်။ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ ၃ ပုံ ၂ ပုံ ဆန္ဒပြုမှ၊ ကော်မရှင်အဖွဲ့ဝင် ၁၂ ယောက်ရှိတယ်။ ၁၂ ယောက်မှာ အနည်းဆုံး ၈ ယောက် ဒီအဆို.. ဒီအယူအဆကို လက်ခံနိုင်ပြီဆိုမှ ကျွန်တော်တို့က ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အဖြစ် သတ်မှတ်တယ်။ ၆ ယောက်နဲ့ ကျွန်တော်တို့ မသတ်မှတ်ဘူး။
အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ မလွဲရအောင် တော်တော်ကြီးကို သတိထားပြီးတော့ ဆုံးဖြတ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒီလိုသဘောနဲ့ ဆုံးဖြတ်ပြီးတဲ့ အခါကျမှ ကော်မရှင်က ဆုံးဖြတ်ချက်ဖြစ်လာမှ အဲ့ဒါက ကျော်စောသတင်းဖြစ်တာ။ အဒီမတိုင်ခင်မှာ ကျော်စောသတင်းမဟုတ်ဘူး။ ပျံ့ နှံ့နေတဲ့ သတင်းအနေအထားပဲ ရှိပါသေးတယ်။ အဲ့လို ကျော်စော သတင်း ဖြစ်လာပြီဆိုရင် အဲ့ဒီကျော်စောသတင်းကို ကျွန်တော်တို့ရဲ့ ဥပဒေအရ တိုင်ကြားချက်လို့ ကျွန်တော်တို့က သတ်မှတ်လို့ရသွားပြီ။ တိုင်ကြားချက်ဖြစ်သွားပြီ။ ဒီပုဂ္ဂိုလ်ကို တခြားဘယ်သူကမှ တိုင်ကြားတာမဟုတ်ဘူး။ ခုနက သတင်းတွေ ပျံ့နှံ့နေတဲ့အချက်ပေါ်မူတည်ပြီး သံသယ မကင်းဖွယ်လည်း ဖြစ်တယ်။ အထောက်အထားတွေလည်းရှိနိုင်တယ်လို့ ကျွန်တော်တို့က ကော်မရှင်က သုံးသပ်တဲ့အချိန်မှာ သူ့ကို ကျွန်တော်တို့က တိုင်တန်းချက်အဖြစ်နဲ့ ကျွန်တော်တို့က သတ်မှတ်တယ်။ တိုင်တန်းချက် အဖြစ်သတ်မှတ်တဲ့အတွက် တိုင်ကြားမှု ပုံသဏ္ဌာန်ယန္တရားနဲ့ပဲ ကျွန်တော်တို့က ဆက်ပြီးတော့ စစ်ဆေးသွားမယ်။ ဘယ်အမှုမဆိုပါ။
ဘီဘီစီ - အဲ့တော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်အရေးယူခံရတဲ့ အမှုမှာဆိုရင် လက်ရှိဆောင်ရွက်နေတဲ့ ဆောင်ရွက်ပြီးတဲ့ ကိစ္စတွေကို ရှင်းပြပါဦး ခင်ဗျ။
ဦးအေင်ကြည် - ဟုတ်တယ်.. အဲ့ဒါ စုံစမ်းစစ်ဆေးပြီးသွားပြီလေ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးသွားပြီ။ ပိုပြီးတော့ ရှင်းအောင်ပြောရမယ် ဆိုလို့ရှိရင် အဲ့ဒီမှာ ကျွန်တော်တို့ တိုင်ကြားတဲ့ နေရာမှာ ကျွန်တော်တို့ လွှတ်တော်က တိုင်းဒေသကြီးလွှတ်တော်က ကိုယ်စားလှယ်တွေ ကိုယ်တိုင် တိုင်ကြားစာတွေကိုလည်း ကျွန်တော်တို့ ရရှိပါတယ်။ ပြီးတော့ ဒေသခံ ပြည်သူတွေ အားလုံးပေါင်း ၄၅ ဦးရဲ့ တိုင်ကြားချက်တွေလည်း ကျွန်တော်တို့ ရရှိပါတယ်။ ရရှိပြီးတဲ့အခါမှာ ဒီတိုင်ကြားချက်တွေကို ကျွန်တော်တို့ အုပ်စုဖွဲ့ပြီး စဉ်းစားလိုက်တာပေါ့။ အုပ်စုဖွဲ့ပြီးစဉ်းစားလိုက်တဲ့အခါကျတော့ သူ့တိုင်ကြားချက်တွေကတော့ အများကြီးပဲပေါ့။ တစ်ယောက် တစ်ယောက်ကို ရေးထားကြတာ ၁၄၊ ၁၅ ချက်စီ ရေးထားကြတယ်။ ပေါင်းလိုက်တဲ့အခါကျတော့ အချက် ၂၀ ကျော်ဖြစ်နေတယ်။ ဒါပေမဲ့ အဲ့ဒါကို ကျွန်တော်တို့က တူရာတူရာကို ပြန်စုပြီးမှ သူ့အုပ်စုနဲ့ သူ စဉ်းစားတဲ့အခါကျတော့ အုပ်စု ၁၂ စု ရပါတယ်။ အဲ့ဒီတိုင်ကြားချက် အုပ်စု ၁၂ စု ရပြီးတဲ့ အခါကျတော့မှ အဲ့ဒီတိုင်ကြားချက်ကို တစ်ချက်စီ ကျွန်တော်တို့က ကော်မရှင်မှာ စဉ်းစားကြရတယ်။ စုံစမ်းတယ်။ လေ့လာတယ်ပေါ့နော်။ လေ့လာတဲ့အခါကျတော့ ၈ ချက်သည် ကျွန်တော်တို့ရဲ့ ဥပဒေနဲ့ လုံး၀ အကျုံးဝင်မှု မရှိဘူးလို့ ကော်မရှင်က တိတိကျကျ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ ၄ ချက်ကို စစ်ဆေးတဲ့အခါကျတော့ ဒါကတော့ ငြိစွန်းတယ်ဆိုတာကို တွေ့ရတယ်။ ဒါကြောင့် ကျန်တဲ့ ၄ ချက်ကို ကျွန်တော်တို့က တရားစွဲဆိုလိုက်တာ။ တရားစွဲဆိုပြီးသွားပြီဆိုရင် တရားရုံးရဲ့ ကိစ္စဖြစ်သွားပါပြီ။ အခုချိန် တရားရုံးမှာ ရောက်နေပြီ။ ကျွန်တော်တို့ ဘာမှ ဒီအမှုနဲ့ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်လည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ ပြောပိုင်ခွင့်လည်း မရှိတော့ပါဘူး။ ကျွန်တော်တို့ တရားရုံးမှာပေးရမယ့် သက်သေ ထွက်ဆိုချက်တွေကို ကျွန်တော်တို့က ဆက်ပေးသွားဖို့ပဲ ရှိပါတယ်။
ဘီဘီစီ - ဒီအမှုမှာဆိုရင် ပထမ သမ္မတအထိ ဒေသဆိုင်ရာက လွှတ်တော် အမတ်တွေရော၊ ပြည်သူလူထုရော တိုင်ကြားခဲ့တာတွေ ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့ စုံစမ်းအရေးယူမှုက မဖြစ်ခဲ့ဘူးပေါ့နော်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်အပြီးမှာပဲ၊ တိုက်ဆိုင်မှုပဲပြောပြော၊ ဒီခရီးစဉ်ကြောင့်ပဲပြောပြော၊ လူတွေကတော့ ဒီခရီးကြောင့်လို့ပဲပြောမှာပဲ။ အဲ့တော့ ကျွန်တော်တို့ ပြည်သူလူထုသိချင်တဲ့ မေးခွန်းကတော့ ဒီလိုမျိုးအထက်အဆင့်ကနေ လာပြီးတော့ မီးစိမ်းပြမှ အရေးယူလို့ရနေတဲ့ အနေအထားကြီးက ကော်မရှင်ရဲ့ အခွင့်အာဏာကို ကန့်သတ်နေတယ်လို့ ပြောလို့ မရဘူးလား ခင်ဗျ။
ဦးအောင်ကြည် - အဲ့ဒါ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ စာထဲမှာလည်း ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်နေ့က စုံစမ်းစစ်ဆေးမှုလုပ်သလဲဆိုတာ ထုတ်ပြန်ထားပါတယ်။ ဘယ်နေ့ကျမှ ပြီးသလဲဆိုတာလည်း ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဥစ္စာလေးကို ကြည့်မယ်ဆိုရင် ခရီးစဉ်မတိုင်ခင်က အစောကြီးထဲက ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို ပေါ်ပါလိမ့်မယ်။ ကျွန်တော်တို့ အထူးပြောစရာမလိုပါဘူး။
အဲ့တော့ ကျွန်တော်တို့ ဒီဥစ္စာက လွတ်လွတ်လပ်လပ် စစ်ဆေးတာပါ။ ဒါပေမဲ့ ခုနကပြောသလိုပဲ ဒီကိစ္စကို ကျွန်တော်တို့က စဉ်းစားတဲ့အခါမှာ သူနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိသလားဆိုတာကို ကျွန်တော်တို့က လေ့လာရပါတယ်။ အဲ့ဒီခိုင်လုံတဲ့ အထောက်အထားတွေရှိပြီဆိုမှ ကျွန်တော်တို့က စုံစမ်းစစ်ဆေးတယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကတော့ အလောတကြီးတော့ ဘယ်တော့မှ မလုပ်ပါဘူး။ သေသေချာချာနဲ့ ခိုင်ခိုင်လုံလုံနဲ့ တိတိကျကျဖြစ်လာပြီဆိုတဲ့ အချိန်ကျမှ ကျွန်တော်တို့က စတင်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ဒါကို လုပ်တော့၊ ဒါကို မလုပ်နဲ့ ဆိုတဲ့ ကန့်သတ်ချက်မျိုး ကတော့ ကျွန်တော်တို့ရဲ့ ကော်မရှင်သက်တမ်းမှာ လုံးဝမရှိပါဘူး။
ပြည်ထဲရေး၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အရပ်ဘက် မဟုတ်သည့် အဖွဲ့အစည်းများ အပေါ် ကော်မရှင်၏ သက်ရောက်မှုနှင့် ကော်မရှင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အကြောင်းကို မေးမြန်းခန်း ဒုတိယပိုင်းတွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။




















