တိုက်ရိုက်ထုတ်လွှင့်မှု, တော်လှန်ရေးအတွင်းအသက်ဆုံးခဲ့ရသူတွေရဲ့ အမည်နဲ့ အသက်တွေပါတဲ့ ပုဝါကိုင်ပြီး ကုလမှာ ဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြ

တော်လှန်ရေးအတွင်းအသက်ဆုံးခဲ့ရသူတွေရဲ့ အမည်နဲ့ အသက်တွေပါတဲ့ ပုဝါကိုင်ပြီး ကုလမှာ ဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြတဲ့သတင်း အပါအဝင် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မလေးရှားက ပြန်ပို့လိုက်တဲ့ ရခိုင်တွေကိုပြန်ပို့ဖို့ ၁ လနီးပါးကြာအောင် ကြန့်ကြာနေခဲ့ပြီးမှ မိသားစုဆီ ပြန်အပ်နှံ
  • အာဆီယံအထူးသံရဲ့ မြန်မာ့ခရီးစဉ်အစအဖြစ် တောင်ကြီးကိုသွားမယ်
  • ဆိုင်ကလုန်းမုန်တိုင်း အာနာဘ် နောက် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ကို အားလျော့သွားမယ်
  • ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရလို့ မန်ယူဂန္တဝင်ဘောလုံးသမားနှစ်ဦး ရန်ကုန်လာဖို့ ပယ်ဖျက်
  • မြန်မာ့အကျပ်အတည်း ပိုဆိုးမလာမီ ကုလသမဂ္ဂက အရေးယူဖို့လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ် ပြောကြား
  • မြန်မာနိုင်ငံက ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထား အများအပြား စုဆောင်းထားတယ်လို့ IIMM ပြော
  • တရုတ်က မြန်မာ့အရေး ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်
  • ရုရှားက မြန်မာ့အရေးကို ကုလသမဂ္ဂမှာ နိုင်ငံရေးအရ အသုံးချနေတယ်လို့ ဝေဖန်
  • မြန်မာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ဦးကျော်မိုးထွန်းတောင်းဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မလေးရှားပြန် ရခိုင် ၄၀၀ ကျော်ကို ယာယီထားတဲ့နေရာတွေကနေ ထွက်ခွင့်ပေး

    ရခိုင်ဒေသခံ ၄၀၀ ကျော်ကို အာဏာပိုင်တွေက မိသားစုနဲ့ ဆွေမျိုးတွေဆီ ဒီနေ့ မနက်ပိုင်းမှာ ပြန်လွှဲ
    ဓာတ်ပုံ ပုံစာ, ရခိုင်ဒေသခံ ၄၀၀ ကျော်ကို အာဏာပိုင်တွေက မိသားစုနဲ့ ဆွေမျိုးတွေဆီ ဒီနေ့ မနက်ပိုင်းမှာ ပြန်လွှဲ

    မလေးရှားနိုင်ငံကနေ ပြန်ပို့လိုက်တဲ့မြန်မာဒုက္ခသည် ၁,၄၇၆ ဦးထဲက ရခိုင်ဒေသခံ ၄၀၀ ကျော်ကို ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ရန်ကုန်က သူတို့ကိုထားရှိတဲ့စခန်းနှစ်ခုကနေ မိသားစုနဲ့ဆွေမျိုးတွေထံ ပြန်လည်အပ်နှံခဲ့ပါတယ်။

    ဒီလူ ၄၀၀ ကျော်ထဲ သန်လျင်မြို့ သာသနာ့ဗိမာန်က လူ ၂၀၀ ကျော်နဲ့ လှိုင်သာယာမြို့နယ် အနောက်ပိုင်း မြို့တော်ခန်းမမှာ ယာယီထားတဲ့ လူ ၂၀၀ ကျော်တို့ပါ၀င်ပါတယ်။

    ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးက မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပြီး ဒီရခိုင်ဒေသခံတွေပဲ ၁ လနီးပါးကြာ ပြန်လည်ပို့ဆောင်ဖို့ ကြန့်ကြာနေခဲ့တာပါ။

    မလေးက ပြန်ခေါ်လာသူတွေကို ရန်ကုန်မှာ ဒီနေ့ မနက်ပိုင်း အာမခံနဲ့ လာထုတ်ကြတဲ့သူတွေ
    ဓာတ်ပုံ ပုံစာ, မလေးက ပြန်ခေါ်လာသူတွေကို ရန်ကုန်မှာ ဒီနေ့ မနက်ပိုင်း အာမခံနဲ့ လာထုတ်ကြတဲ့သူတွေ

    အခု ရခိုင်ဒေသခံ ၄၀၀ ကျော်လုံးကို ဆွေမျိုး၊ မိသားစုဝင်၊ ရခိုင်ဒေသခံ ဘုန်းတော်ကြီး ဒါမှမဟုတ် မိတ်ဆွေ သူငယ်ချင်းတစ်ဦးဦးက လက်မှတ်ထိုး အာမခံပေးပြီး ပြန်လည်ခေါ်ဆောင်ခွင့်ပြုထားပါတယ်။

    ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒီလူတွေထဲက အများစုကတော့ သူတို့မူလနေရပ်ရခိုင်ပြည်နယ်က မြို့တွေဆီ ချက်ချင်းမပြန်နိုင်သေးပါဘူး။

    မိသားစုဝင်တွေနဲ့ သူတို့ဆွေမျိုးတွေရှိရာ ရန်ကုန်နဲ့တခြားဒေသတွေမှာ နေထိုင်ပြီး အလုပ်အကိုင်ရှာဖွေဖို့ စီစဥ်ထားကြတယ်လို့ ဆိုပါတယ်။

  2. လူသားစာနာအကူအညီအတွက် အာဆီယံအထူးသံ တောင်ကြီးကို အရင်သွားမယ်

    ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး ပုံဟောင်း

    မြန်မာ့အရေးအာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာ ထရီဇာ လာဇာရိုဟာ မြန်မာကိုလာတဲ့သူ့ရဲ့ခရီးစဉ်အတွင်း လူသားစာနာအကူအညီပေးရေးအတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ဒီနေ့ အရင်ဆုံး သွားဖို့ရှိတယ်လို့ ဖိလစ်ပိုင်ဘက်က သတင်းထုတ်ပါတယ်။

    အထူးသံရဲ့ ၂ ရက်ကြာ မြန်မာခရီးစဉ်အဖြစ် တောင်ကြီးကို အရင်သွားတာလို့ နားလည်ရပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ အထူးသံရဲ့တောင်ကြီးခရီးဟာ ASEAN စောင့်ကြည့်လေ့လာရေးအဖွဲ့(AMT)ရဲ့ခရီးစဉ်ကို ပံ့ပိုးတဲ့အနေနဲ့ လူသားစာနာအကူအညီပေးရေးအတွက် ပြုလုပ်တာလို့ ဆိုပါတယ်။

    ဒီခရီးစဉ်မှာ ASEAN အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံရဲ့ရန်ကုန်အခြေစိုက် ကိုယ်စားလှယ်တွေလည်း ပါ၀င်မယ်လို့ ဆိုပါတယ်။

    ရှမ်းပြည်နယ်၊ တောင်ကြီးမှာ စတင်မယ့် လူသားစာနာအစီအစဉ်ဟာ ရှမ်းမြောက်ပိုင်းနဲ့ ကရင်ပြည်နယ်က ပဋိပက္ခနဲ့ ဘေးဒဏ်သင့်ပြည်သူတွေဆီအထိ ပေးသွားမှာဖြစ်ပါတယ်။

    ဒါကို အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

    ၁ လကြာမယ့် အခုတစ်ခေါက် အကူအညီပေးရေးအစီအစဉ်ဟာ အိမ်ထောင်စု တစ်သောင်းကျော်ကို ဆန်နဲ့ တခြားကူညီရေးပစ္စည်းတွေလည်း ပါ၀င်တယ်လို့ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ပါတယ်။

  3. ဆိုင်ကလုန်းမုန်တိုင်း အာနာဘ်အရှိန်ကြောင့် ရခိုင်၊ ချင်းနဲ့ စစ်ကိုင်းအထက်ပိုင်းမှာ မိုးကြီးနိုင်

    မုန်တိုင်းဝင်ရောက်မယ့်လမ်းကြောင်း သရုပ်ဖော်ပုံ
    ဓာတ်ပုံ ပုံစာ, မုန်တိုင်းဝင်ရောက်မယ့်လမ်းကြောင်း သရုပ်ဖော်ပုံ

    အားအလွန်ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း အာနာဘ်ရဲ့ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်ရှောင်ရှားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတိပေး ထုတ်ပြန်ပါတယ်။

    ဒီနေ့ မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ မုန်တိုင်း အာနာဘ်ဟာ အိန္ဒိယနိုင်ငံက အင်ဒရာပရာဒေ့ရှ်နဲ့ ရနမ်ကမ်းခြေတို့ကို ဘပတ်လမြို့ (Bapatla) နဲ့ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက်အနီးကနေ ဖြတ်ကျော်ဝင်ရောက်နေပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။

    နောက် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ကို အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

    မုန်တိုင်း အာနာဘ်ရဲ့ အပြင်ဘက်တိမ်တိုက်ကြီးတွေရဲ့ ဆွဲငင်မှုကြောင့် ရခိုင်၊ ချင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့မှာ မနက်ဖြန်အထိ နေရာစိပ်စိပ်ကနေ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပြောပါတယ်။

    ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ မွန်နဲ့ ကရင်တို့မှာတော့ မုန်တိုင်းအရှိန်သက်ရောက်မှုနဲ့ အ‌ရှေ့ဘက်ကနေ ရေခိုးရေငွေ့တွေတိုးဝင်မှုကြောင့် မနက်ဖြန်အထိ နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးရွာမယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားပါတယ်။

    ဒါပေမဲ့ လေဖိအားနည်းစနစ်/လေပွေလှိုင်းအသစ် (Possible New System) ကြောင့် အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၂ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်၊ ကရင်၊ ရန်ကုန်နဲ့ ဧရာဝတီတို့မှာ မိုးအသင့်အတင့် ပြန်လည်ရွာသွန်းလာနိုင်ပါတယ်။

    မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ကယားနဲ့ တို့မှာတော့ မနက်ဖြန်အထိ မိုးတိမ်တိုက် အကြွင်းအကျန်တွေကြောင့် မိုးနေရာကွက်ကျား ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

  4. မန်ယူဂန္ထ၀င်ကစားသမား ဘာဘာတော့ဗ်နဲ့ ရိုင်ယန်ဂစ် ရန်ကုန်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ မလာတော့

    အနီရောင် မန်ယူဝတ်စုံဝတ်ဆင်ထားကာ ဘောလုံးကွင်းတနေရာမှာ ဘယ်ဘက်ခြမ်းမှာ ဘာဘာတော့ဗ်နဲ့ ညာဘက်ခြမ်းမှာ ရိုင်ယန်ဂစ်တို့ မတ်တပ်ရပ်နေတဲ့ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်

    ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရန်ကုန်မြို့မှာပြုလုပ်မယ့် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းက ဂန္တဝင်ကစားသမားတွေနဲ့တွေ့ဆုံပွဲကို ရိုင်ယန်ဂစ်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ မပါဝင်တော့ကြောင်း ပွဲစီသူတွေက သူတို့ရဲ့လူမှုကွန်ရက်ကနေ သတင်းထုတ်ပါတယ်။

    The Garden Agency က လာမယ့် အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်မှာ လုပ်မယ့် “legendary players meet and greet in Yangon” ပွဲမှာ မန်ယူကစားသမားဟောင်း ၄ ဦးလာမယ်လို့ ကနဦးမှာ ကြေညာခဲ့ပါတယ်။

    ရိုင်ယန်ဂစ်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့အပြင် အန်ဒါဆန်နဲ့ ပါထရီ အီဗရာစတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံပွဲလို့ ဆိုကာ မြန်မာငွေကျပ် ၁ သိန်းကနေ ၃ သိန်းအထိရှိတဲ့ လက်မှတ်တွေကို ရောင်းချခဲ့တာပါ။

    အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေသတ်ဖြတ်ခံနေရကာ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့မြန်မာကို မန်ယူကစားသမားဟောင်းတွေမလာဖို့ အွန်လိုင်းလက်မှတ် ရေးထိုးကာ ကန့်ကွက်တဲ့လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။

    မန်ယူ ဂန္ထ၀င် ကစားသမားတွေ ရန်ကုန်ကို လာတာဟာ မြန်မာမှာ အခြေအနေတွေ ပုံမှန်ဖြစ်နေပြီဆိုတာကို သွယ်၀ိုက်ရည်ညွှန်းပြရာလည်းရောက်တာကြောင့် ရန်ကုန်က ပရိသတ်တွေနဲ့တွေ့ဆုံပွဲကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

    အခု ရိုင်ယန်ဂစ်နဲ့ ဘာဘာတော့ဗ်တို့ပွဲ မတက်ရောက်တာဟာ အရေးပေါ်မီဒီယာတာဝန်တွေ ရှိနေတာကြောင့် ပါဝင်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့သာ မြန်မာ ပွဲစီစဉ်သူတွေက မနေ့တုန်းက သတင်းထုတ်ပြန်ပါတယ်။

    ကစားသမားတွေဘက်ကတော့ ရန်ကုန်ကို မလာဖြစ်တဲ့အကြောင်းအရင်းတွေကို ထုတ်မပြောထားပါဘူး။

  5. ကုလမှာ မြန်မာ့အရေးဆွေးနွေးမှုတွေကို ပြည်တွင်းရေးစွက်ဖက်မှုနဲ့ နိုင်ငံရေးအရအသုံးချမှုဆိုပြီး တရုတ်နဲ့ ရုရှား ကန့်ကွက်

    ကုလဆိုင်ရာ တရုတ်ကိုယ်စားလှယ်
    ဓာတ်ပုံ ပုံစာ, ကုလဆိုင်ရာ တရုတ်ကိုယ်စားလှယ်

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အကြောင်းပြပြီး နိုင်ငံရေးအရ ဖိအားပေးတာနဲ့ လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး မလုပ်သင့်ဘူးဆိုတဲ့ပြောဆိုချက်နဲ့ တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေက ကုလသမဂ္ဂမှာ ဆွေးနွေးခဲ့ပါတယ်။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နဲ့ အခြားတာဝန်ရှိသူတွေရဲ့ မြန်မာက လူ့အခွင့်အရေးချိုးဖောက်ခံရမှု တင်ပြချက်တွေကို တုံ့ပြန်ဆွေးနွေးရာမှာ တရုတ်နဲ့ ရုရှားကိုယ်စားလှယ်တွေက အခုလို ပြောဆိုခဲ့ကြတာပါ။

    လူ့အခွင့်အရေးကိစ္စတွေကို နိုင်ငံရေးအရ အသုံးချတာနဲ့ နှစ်မျိုးနှစ်စား စံနှုန်းထားတာတွေကို တရုတ်က ဆန့်ကျင်ကြောင်း၊ တခြားနိုင်ငံတွေအပေါ် လူ့အခွင့်အရေးကိစ္စကို အကြောင်းပြုပြီး လူသိရှင်ကြား ဖိအားပေးတာမျိုး မလုပ်သင့်ကြောင်း တရုတ်ကိုယ်စားလှယ်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည်နာလန်ထူလာရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးဟာ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရာမှာလည်း အရေးကြီးတယ်လို့ တရုတ်ဘက်က ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးဖို့ အသင့်ရှိကြောင်းလည်း ဆိုပါတယ်။ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေဖို့နဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း တရုတ်က ပြောပါတယ်။

    တရုတ်ကိုယ်စားလှယ်ကလည်း အထူးအစီရင်ခံစာတင်သွင်းသူရဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး ပြည်သူတွေကို လမ်းလွဲစေမယ့် အပြောအဆိုတွေ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တင်းမာမှုတွေကို ပိုမိုမြင့်တက်စေပြီး မတည်ငြိမ်မှုတွေကို ပိုဆိုးရွားစေတာထက် သဘောထားကွဲလွဲမှုတွေကို လျှော့ချပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးရေးကို အာရုံစိုက်သင့်ပါတယ်” လို့ ပြောပါတယ်။

    ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးကိုလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် တဖြည်းဖြည်း ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရုရှားကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ကုလသမဂ္ဂမှာ အဲဒီကိစ္စတွေကို နိုင်ငံရေးအရ အသုံးချဆွေးနွေးတာကို ဆန့်ကျင်ကြောင်း ပြောပါတယ်။

    မြန်မာမှာ ငြိမ်းချမ်းတဲ့ဘဝ ပြန်လည်တည်ဆောက်နိုင်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ အစိုးရသစ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နေကြောင်း ရုရှားကိုယ်စားလှယ်က ပြောပါတယ်။

    ကုလသမဂ္ဂရဲ့ မြန်မာ့အရေးသုံးသပ်ချက်တွေမှာ ဘက်မမျှမှုရှိနေပြီး လက်ရှိအကျပ်အတည်းအတွက် နေပြည်တော်ကို အပြစ်တင်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ်။

    မြန်မာအစိုးရကို ဆန့်ကျင်တဲ့အင်အားစုတွေကို အနောက်နိုင်ငံတွေက နိုင်ငံရေး၊ သံတမန်ရေးနဲ့ ငွေကြေးအထောက်အပံ့ပေးနေခြင်းဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရရှိရေးကို ပိုမိုခက်ခဲစေပြီး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်စေတယ်လို့ ရုရှားက ပြောဆိုခဲ့ပါတယ်။

    နေရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို နိုင်ငံရေးအရ အသုံးချတာမျိုး မလုပ်ဖို့နဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ယခင်က သဘောတူထားတဲ့ နေရပ်ပြန်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာက ကူညီသင့်ကြောင်းလည်း ရုရှားက တိုက်တွန်းခဲ့ပါတယ်။

    ရုရှားကိုယ်စားလှယ်က ကုလသမဂ္ဂရဲ့ သုံးသပ်ချက်တွေဟာ “အလွန်အမင်း တစ်ဖက်သတ်ဆန်တယ်” လို့ ပယ်ချခဲ့ပြီး “လက်ရှိအကျပ်အတည်းအတွက် နေပြည်တော်ကို အပြစ်တင်တာဟာ လက်မခံနိုင်စရာပါ” လို့ ပြောပါတယ်။

    မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဉ်ထဲမှာ ဆက်လက်ထည့်သွင်းထားတာကိုလည်း ရုရှားက ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာရုရှားကိုယ်စားလှယ်
    ဓာတ်ပုံ ပုံစာ, ကုလဆိုင်ရာရုရှားကိုယ်စားလှယ်

    ထိုင်းကိုယ်စားလှယ်က ASEAN လမ်းကြောင်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်စခန်းတွေကနေ ကယ်တင်ခဲ့တဲ့ လူ ၁၃,၇၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးခဲ့မှုအကြောင်း ပြောပါတယ်။

    ဂျပန်ကိုယ်စားလှယ်ကတော့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    လေ့လာသူအဖြစ် ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) က စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲတွေရဲ့ တရားဝင်မှုကို ပယ်ချခဲ့ပါတယ်။

    “အမည်ခံ အရပ်သားအစိုးရအောက်မှာ စစ်အုပ်ချုပ်ရေးကို နာမည်ပြောင်းပြီး ဆက်လက်လုပ်ဆောင်တာ”ကို တရားဝင်မှုကို မပေးနိုင်ဘူးလို့ ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်က ရခိုင်ပြည်နယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ရှိနေကြောင်း သတိပေးခဲ့ပါတယ်။

    “အိုးအိမ်စွန့်ခွာနေရမှု ကြာရှည်လာတာကို အမြဲတမ်းဖြေရှင်းနည်းတစ်ခုအဖြစ် သဘောထားလို့ မရပါဘူး” လို့ ပြောဆိုခဲ့ပြီး နိုင်ငံတကာကနေ ကြိုတင်ခန့်မှန်းနိုင်တဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

    အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ ကာရီတို့က အစီရင်ခံတင်ပြခဲ့ကြပါတယ်။

    ဆွေးနွေးမှုမှာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် ထိုင်း၊ ဂျပန်၊ ဘီလာရုစ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ပိုလန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာ ‌ေတွေ့ ရပါတယ်။

  6. မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထား ၁၆၀၀ ကျော်ကနေ စုဆောင်းထား - နီကိုလပ်စ် ကူမ့်ဂျန်

    မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်
    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်

    မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး သက်သေအထောက်အထားတွေ စုဆောင်းနေပြီး အရင်းအမြစ် ၁၆၀၀ ကျော်ကနေ အချက်အလက်တွေ ရရှိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်က ပြောကြားပါတယ်။

    အောက်တိုဘာ ၂၇ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေနဲ့ စုံစမ်းစစ်ဆေးမှုတိုးတက်မှုတွေကို တင်ပြရာမှာ သူက အခုလို ပြောခဲ့တာပါ။

    မြန်မာနိုင်ငံအခြေအနေဟာ ပိုမိုဆိုးရွားလာနေပြီး လူတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုမိုကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထားလာပြီး နေအိမ်တွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေရပ်စွန့်ခွာသူတွေရဲ့ စခန်းတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်တွေကို IIMM က စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

    စစ်ကိုင်းတိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ချင်းပြည်နယ်က ဘုရားကျောင်းဝင်းတစ်ခုကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ၊ ရခိုင်ပြည်နယ်က ဈေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်လို့ လူ ၅၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် စစ်တပ်အုပ်ချုပ်တဲ့ အကျဉ်းစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို စုံစမ်းနေပြီး တပ်မှူးတွေနဲ့ စစ်ကြောရေးတာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုလို့ စွပ်စွဲထားတဲ့ ဖြစ်စဉ်တွေကိုလည်း အထောက်အထားအပေါ်မူတည်ပြီး စုံစမ်းနေကြောင်း သူက ပြောပါတယ်။

    IIMM ဟာ ဗီဒီယို၊ ဓာတ်ပုံ၊ မြေပြင်တည်နေရာဆိုင်ရာ ပုံရိပ်အချက်အလက်၊ လူမှုကွန်ရက်ပို့စ်နဲ့ ငွေကြေးမှတ်တမ်းတွေကို အရင်းအမြစ် ၁၆၀၀ ကျော်ကနေ စုဆောင်းထားပြီး သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကိုလည်း ရရှိထားတယ်လို့ ကူမ့်ဂျန်က ပြောပါတယ်။

    အဲဒီအထောက်အထားတွေနဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံး (ICJ) တို့မှာ တာဝန်ခံမှုရှိစေရေး လုပ်ဆောင်နေသူတွေနဲ့ မျှဝေထားကြောင်းလည်း သူက ပြောပါတယ်။

    မြန်မာပြည်သူတွေကို မေ့လျော့မထားကြောင်းနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူမှုမရှိဘဲ လွတ်မြောက်သွားခွင့်မပေးသင့်ကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပြသဖို့လိုတယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

  7. မြန်မာ့အကျပ်အတည်း ပိုဆိုးမလာမီ ကုလသမဂ္ဂက အရေးယူဖို့လို- ဂျူလီဘစ်ရှော့ပ် (ကုလရဲ့မြန်မာအထူးကိုယ်စားလှယ်)

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့
    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့

    မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အပြီးတိုင် ဖြေရှင်းဖို့ ခက်ခဲသွားတဲ့အခြေအနေ မရောက်ခင် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ပြောကြားပါတယ်။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ တတိယကော်မတီမှာ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။

    “အကျပ်အတည်းကို ဖြေရှင်းလို့မရတော့တဲ့ အခြေအနေ မရောက်ခင် ကုလသမဂ္ဂက အရေးယူဆောင်ရွက်မှာလား” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က မေးခွန်းထုတ်ခဲ့ပါတယ်။

    သူက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအပေါ် အမြင်ချင်း ပြင်းပြင်းထန်ထန် ကွဲပြားနေကြတာကို ထောက်ပြခဲ့ပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်တပ်ကျောထောက်နောက်ခံပြု အာဏာပိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား အမြင်နဲ့ ပြောဆိုချက်တွေ အကြီးအကျယ် ကွဲပြားနေကြောင်း သူက ဆိုပါတယ်။

    “နေပြည်တော်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားတာလို့ ပြောတယ်။ တော်လှန်ရေးဘက်ကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

    ဒါပေမဲ့ အမြင်ချင်း ကွဲပြားနေကြတဲ့ကြားမှာ ငြင်းဆိုလို့မရတဲ့ အချက်တစ်ခု ရှိနေတယ်လို့ သူက ပြောပါတယ်။ အဲဒါကတော့ “ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနေရာတွေမှာ အကာအကွယ် ရှာဖွေနေကြတာ” ဖြစ်ပါတယ်။

    နေပြည်တော်က အတည်ပြုထားတဲ့ နေရပ်ပြန်သူဟောင်း ၃၂၆,၀၀၀ ခန့်ကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပေးဖို့ ကတိပြုထားတယ်လို့ ဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကို လက်ခံထားရတယ်လို့ ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသူတွေဟာလည်း အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားတဲ့ အဲဒီဒေသမှာ လက်နက်ကိုင်ပဋိပက္ခ၊ မြေမြှုပ်မိုင်းနဲ့ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    “လုံခြုံစိတ်ချရပြီး မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့နိုင်တဲ့ နေရပ်ပြန်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ မရှိသေးပါဘူး” လို့ သူက သတိပေးခဲ့ပြီး ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းတာတွေကိုလည်း သတိထားဖို့ ပြောဆိုခဲ့ပါတယ်။

    ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ လူ ၁၆ သန်းကျော် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ၄ သန်းကျော် နေရပ်စွန့်ခွာနေရတယ်လို့လည်း သူက ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအတွက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒအလျောက် နေရပ်ပြန်ရေး အခြေအနေတွေ မရှိသေးကြောင်း၊ ပြန်လည်ပို့ဆောင်ရေး မလုပ်ဆောင်မီ လုံခြုံရေးအာမခံချက်တွေ လိုအပ်ကြောင်းလည်း ဘစ်ရှော့က ထောက်ပြပါတယ်။

    အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုကို တိုင်းတာနိုင်မယ့် စံနှုန်းတွေ သတ်မှတ်ဖို့ သူက ထောက်ခံခဲ့ပါတယ်။

    အကြမ်းဖက်မှုချက်ချင်းရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေအပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးရေးကိုလည်း အလေးထားခဲ့ပါတယ်။

    “ကုလသမဂ္ဂအနေနဲ့ အကျပ်အတည်းကို အပြီးတိုင် ဖြေရှင်းလို့မရတော့တဲ့ အခြေအနေမရောက်ခင် အရေးယူဆောင်ရွက်မှာလား” ဆိုတဲ့ မေးခွန်းဟာ မြန်မာ့အရေးအတွက် စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

  8. တော်လှန်ရေးအတွင်းအသက်ဆုံးခဲ့ရသူတွေရဲ့ အမည်နဲ့ အသက်တွေပါတဲ့ ပုဝါကိုင်ပြီး ကုလမှာ ဦးကျော်မိုးထွန်း မြန်မာ့အရေးတင်ပြ

    ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လုပ်ရပ်အခြေအနေတွေကို တင်ပြခဲ့

    နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့သူတွေရဲ့ အမည်နဲ့ အသက်အရွယ်တွေ ရေးသားထားတဲ့ ပုဝါတစ်ထည်ကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လုပ်ရပ်အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

    ဦးကျော်မိုးထွန်း ကိုင်ဆောင်ပြောဆိုခဲ့တဲ့ အဲဒီပုဝါဟာ Theatre 21 ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာ့အရေး တင်ပြချိန် ပုဝါပေါ်မှာ ရေးသားထားတဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ အသက်အရွယ်ဟာ နှစ်လအရွယ် ကလေးငယ်ကနေ ၁၀၅ နှစ်အရွယ်အထိ ပါဝင်တယ်လို့ သူက ပြောပါတယ်။

    “ ဒီပုဝါကို သေသေချာချာ ကြည့်လိုက်ရင် အအသက်ဆုံးခဲ့ရသူတွေရဲ့ အမည်တွေနဲ့ အသက်အရွယ်တွေကို တွေ့ရပါလိမ့်မယ်။ အသက်အငယ်ဆုံးက နှစ်လသားအရွယ်ပဲ ရှိပါသေးတယ်။ အသက်အကြီးဆုံးကတော့ ၁၀၅ နှစ် ရှိပါပြီ။ သူတို့ရဲ့ အနာဂတ်တစ်ခုလုံးကို ကျည်ဆန်တွေနဲ့ ဗုံးတွေကြားမှာ ဆုံးရှုံးခဲ့ကြရတာပါ။ လွတ်လပ်မှုအတွက် အသက်ပေးခဲ့ကြရတဲ့ ရဲရင့်သူတွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အမည်တွေပါ။ ဒီအမည်တွေကို ဖတ်လိုက်တိုင်း ကျွန်တော့်ရင်ထဲမှာ နာကျင်ရပါတယ်။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီအမည်တွေကို မြင်ရသူတိုင်းရဲ့ ရင်ထဲမှာလည်း နာကျင်မှုတွေ ဖြစ်စေပါတယ်။ ဒီနေ့ ဒီနေရာမှာ ရိုးရှင်းပေမဲ့ ရင်ထဲကနေ အသည်းအသန် ကျွန်တော် တောင်းဆိုချင်တာတစ်ခုရှိပါတယ်။ ဒီပုဝါပေါ်မှာ ထပ်တိုးလာမယ့် နာမည်တွေကို ကျွန်တော် မဖတ်ချင်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ သူရဲကောင်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို နောက်ထပ် ဆုံးရှုံးဖို့ မလိုလားပါဘူး” လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

    သူအဲဒီလို တင်ပြပြောဆိုနေချိန်မှာ မျက်ရည်ကျနေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ဖြစ်တဲ့ အသံတိမ်ဝင်မှုတွေလည်းဖြစ်ခဲ့ပါတယ်။

    အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကျေးရွာမီးရှို့မှုတွေကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရနေကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း သူက တောင်းဆိုခဲ့တာတွေ့ရပါတယ်။

    ဒါ့အပြင် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်တဲ့ လေယာဉ်ဆီနဲ့ လက်နက်ထောက်ပံ့မှုတွေ ဖြတ်တောက်ရေး၊ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးရေးနဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူရေးတို့ကိုလည်း ကုလသမဂ္ဂ ကို သူက တိုက်တွန်းခဲ့ပါတယ်။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး မတိုင်ခင်ရက် မကြာသေးခင်ကလည်း ကုလသမဂ္ဂက မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါ‌‌ပေမဲ့ နေပြည်တော်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်ပယ်ချထားပါတယ်။

    အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ တုံ့ပြန်ထားတာလည်းရှိပါတယ်။

    အခုအကြိမ် တတိယကော်မတီအစည်းအဝေးမှာ မြန်မာ့အရေး ‌ဆွေးနွေးခဲ့မှုတွေနဲ့ ပတ်သက်လို့ ‌တော့ ‌နေပြည်‌တော်ဘက်က တုံ့ပြန်မှုမတွေ့ရသေးပါဘူး။

    အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

    အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူမ့်ဂျန်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ ကာရီတို့က အစီရင်ခံတင်ပြခဲ့ကြပါတယ်။

    ဆွေးနွေးမှုမှာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် ထိုင်း၊ ဂျပန်၊ ဘီလာရုစ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ပိုလန်၊ ဆွစ်ဇာလန်၊ ရုရှား၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာ ‌ေတွေ့ ရပါတယ်။

  9. မင်္ဂလာပါ။

    အောက်တိုဘာ ၂၈ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။