အောက်တိုဘာလ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တရုတ်ကို NUG တိုက်တွန်း
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တရုတ်ကို NUG တိုက်တွန်းလိုက်ပါတယ်၊ မြန်မာစစ်တပ်ကို လောင်စာဆီပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၅ ခု ကို ဗြိတိန် က အရေးယူပိတ်ဆို့မှုအသစ်ချမှတ်တဲ့သတင်းအပါအဝင် အောက်တိုဘာ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- မြန်မာစစ်တပ်ကို လောင်စာဆီပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့လိုက်ပါတယ်
- ‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ ပထမဆုံးအကြိမ် သေဒဏ်စီရင်
- ဘုတလင်မှာ စစ်တပ်က ပစ်ခတ်ပြီး စစ်ကြောင်းဆက်ထိုးနေ
- ''တစ်ဖက်တည်း နိုင်ရမယ်ဆိုတဲ့ အခင်းအကျင်းကို ကျော်လွန်စဥ်းစားရမယ်" လို့ ကုလအထူးကိုယ်စားလှယ်ပြော
- မြန်မာမှာ စစ်ရာဇဝတ်မှုတွေ အကြိမ်ရေပိုတိုးလာတယ်လို့ IIMM ပြော
- စစ်တပ်ရဲ့ လေကြောင်းထပ်မံတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၄ ဦးသေဆုံးပြီး ၂ ရက်အတွင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ
- မန္တလေးက ပရဟိတမင်းခေါင်အဖွဲ့ကို စစ်ကောင်စီက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ဆို
- စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တရုတ်ကို NUG တိုက်တွန်း
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တရုတ်ကို NUG တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ ဩဂုတ်လတုန်းက တွေ့ဆုံခဲ့တဲ့မြင်ကွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်ဘက်က ဖိတ်ကြားခဲ့တယ်ဆိုရင် ပြန်ပြီးသုံးသပ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
NUG အနေနဲ့ တရုတ်ကို အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ သဘောထားတဲ့အကြောင်းပြောပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်ပြီး မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမယ်ဆိုရင် မြန်မာပြည်သူလူထုအတွက် စဉ်းစားပြီး သုံးသပ်ပေးဖို့ကိုလည်း သူက ထည့်ပြောခဲ့ပါတယ်။
ဦးကျော်ဇောရဲ့ အပြောအရ “မြန်မာပြည်သူလူထုဟာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ စီးပွားရေးတိုးတက်မှုကို လိုလားတာဖြစ်ပါတယ်။ ဒါတွေကို ပျက်ပြားအောင်လုပ်နေတာက မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုပဲဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့ရင် တရုတ်အစိုးရ အပေါ် မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှုကို မလိုအပ်ဘဲ လှုံ့ဆော်ပေးရာရောက်မှာကို စိုးရိမ်ပူပန်မိတယ်လို့ ဦးကျော်ဇော်က မှတ်ချက်ပြုပါတယ်။
- ဝမ်ယိ ခရီးစဉ် ဘာတွေချန်ထားခဲ့လဲ
တစ်ချိန်တည်းမှာပဲ တရုတ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒီအခြေအနေတွေဟာ တရုတ်နိုင်ငံအပေါ် မြန်မာလူထုဘက်က အထင်အမြင်လွဲမှားပြီး အမုန်းပွားမှုတွေ ဖြစ်လာစေနိုင်တယ်လို့ သူက ထပ်ပြောပါတယ်။
ဒါ့အပြင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းနေမယ့်အကြောင်း အပါအဝင် တရုတ်နဲ့ပတ်သက်လို့ ၂၀၂၄ ဇန်နဝါရီတုန်းက NUG ထုတ်ပြန်ခဲ့တဲ့ အချက် ဆယ်ချက်ပါ ကြေညာချက်အတိုင်း ဆက်ပြီးရပ်တည်နေတယ်လို့ ဦးကျော်ဇောက ပြောပါတယ်။
မန္တလေးက ပရဟိတမင်းခေါင်အဖွဲ့ကို စစ်ကောင်စီက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင်
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၉ ရက်တုန်းက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတ မင်းခေါင် အဖွဲ့ မန္တလေးမြို့အခြေစိုက် ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါဝင် တစ်သင်းလုံးကို စစ်ဆေးစရာရှိတယ်လို့ဆိုပြီး အရပ်ဝတ်တွေက အောက်တိုဘာ ၂၆ ရက် ညနေမှာ လာရောက် ခေါ်ယူသွားတယ်ဆိုပြီး ပရဟိတ ညီနောင်အဖွဲ့အချို့က ဘီဘီစီကိုပြောပါတယ်။
NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးမှာ ပို့ဆောင်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းဖြစ်တဲ့အတွက် ခေါ်ယူ စစ်ဆေးတာလို့ ပြောဆိုကြတာတွေရှိနေပေမဲ့ အဲဒီအသင်းနဲ့ လက်တွဲ လုပ်ကိုင်ကြတဲ့ အခြားလူမှုကူညီအသင်းတွေကတော့ နာရေးကြောင့် မဟုတ်ဘူးလို့ ဘီဘီစီကို ပြောကြပါတယ်။
ပရတိတမင်းခေါင် အသင်း တစ်သင်းလုံး အဖမ်းမခံရခင် တစ်ရက်တုန်းကတေ့ ဥက္ကဋ္ဌ၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ရပ်ဝေးက လူမှုကူညီရေးလုပ်ငန်းတွေ သွားရောက် ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဖမ်းဆီး ခေါ်ဆောင်ခံရတာပါ။
ဒီနေ့ထိ ပြန်လွတ်လာတာမရှိသလို အသင်းရုံးကိုလည်း ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။ ဒါကြောင့် ဖမ်းဆီးခံရတဲ့ အကြောင်းရင်းနဲ့ ဖမ်းဆီးခံရတဲ့ အသင်းသားအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မန္တလေးက အခြားလူမှုကူညီရေးအသင်းသားတွေပါ အခုလိုဖမ်းဆီးခံရမှု ရှိ မရှိ အသင်းကြီး ၃ သင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပရဟိတမင်းခေါင်အဖွဲ့ကြုံရသလို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခံရတာမျိုး မရှိသေးဘူးလို့ ပြောကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ပရဟိတမင်းခေါင် အသင်းက ဥက္ကဋ္ဌ အပါဝင် အသင်းသား ၂၆ ဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တိုင်း စစ်ကောင်စီအဖွဲ့နဲ့ လူမှုကူညီရေးအသင်း ကိစ္စတချို့ ပူးပေါင်းလုပ်ဆောင်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်တွေအပါအဝင် ရွှေပြောင်း ၅ သိန်းနီးပါး နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ထိုင်းအတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြဝတီတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကို တိမ်းရှောင်လာကြတဲ့ မြန်မာတချို့ (ပုံဟောင်း) ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ် ကစလို့ နှစ်ရှည်နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈၃,၀၀၀ နဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ရွှေ့ပြောင်းကလေးငယ်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြု ဆုံးဖြတ်လိုက်တဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မနေ့ အောက်တိုဘာ ၂၉ ရက်ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးပွဲမှာ အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကနေ ရက်ပေါင်း ၆၀ အတွင်း နည်းဥပဒေတွေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap ကတော့ အဲဒီရွှေ့ပြောင်းသမားတွေဟာ ထိုင်းမှာ နှစ်ပေါင်းများစွာနေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူတွေလည်းဖြစ်တာကြောင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးဖို့ သင့်တော်တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံသားဖြစ်ခွင့်ရတဲ့သူတွေအနေနဲ့လည်း လွတ်လပ်စွာ သွားလာနိုင်သလို ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း အကျိုးပြုနေတယ်လို့ သူကဆက်ပြောပါတယ်။
ထိုင်းနိုင်ငံသားပေးအပ်ခြင်းကို အုပ်စု ၄ စု ခွဲပေးမှာဖြစ်ပြီး ပထမအုပ်စုမှာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ဦးခန့်၊ ဒုတိယအုပ်စုအနေနဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ဦးနဲ့ တတိယအုပ်စုမှာတော့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကလေးငယ် ၂၉,၀၀၀ ဦးပါဝင်မှာဖြစ်ပါတယ်။
နောက်ဆုံးအုပ်စုအနေနဲ့ ထိုင်းမှာနေထိုင်ပြီး အထောက်အထားမရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးငယ် ၁၁၃,၀၀၀ ဦးတို့ကို နိုင်ငံသားပေးသွားဖို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကနေ တင်ပြထားတယ်လို့ သိရပါတယ်။
အလားတူ နိုင်ငံသားဖြစ်ခွင့်ရတဲ့ ၅ သိန်းနီးပါးကို နိုင်ငံသားပေးအပ်တဲ့ လုပ်ငန်းစဥ်ဟာ နှစ်ပေါင်း ၄၄ နှစ်အထိ ကြာမြင့်နိုင်တာကြောင့် လုပ်ထုံးလုပ်နည်းတွေ လွယ်ကူမြန်ဆန်အောင် စဉ်းစားနေတယ်လို့ Jirayu Huangsap ကပြောခဲ့ပါတယ်။
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၄ ဦးသေဆုံးတယ်လို့ မန္တလေး PDF ပြော

ဓာတ်ပုံ ရင်းမြစ်, MDY PDF
ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ရဲ့ အချုပ်ဆောင်ကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY PDF က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ အတူ MDY PDF က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့တုန်းကလည်း အဲဒီအချုပ်ဆောင်ကိုပဲ စစ်တပ်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့သလို နောက်ထပ် ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ၂ ရက်အတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေသတွင်းမီဒီယာတွေမှာတော့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာထဲကို မနေ့တုန်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် သုံ့ပန်းတွေဖမ်းဆီးထားတဲ့ အချုပ်ဆောင်ပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့မှာပဲ မြို့တောင်ဘက်ပိုင်းက တောင်ခမ်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ် (TNLA)၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၉၀၂) အမြောက်စခန်းဌာနချုပ်နဲ့ အမြောက်တပ် (အမတ-၃၅၄) ကိုTNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ နောင်ချိုမြို့၊ ဟိုခိုကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ သတင်းမထုတ်ပြန်သေးပါဘူး။
မြန်မာမှာ စစ်ရာဇဝတ်မှုတွေ အကြိမ်ရေပိုတိုးလာတယ်လို့ IIMM ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အကြီးအကဲ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (ပုံဟောင်း) ပြီးခဲ့တဲ့နှစ်ကထက် မြန်မာမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအကြိမ်ရေတိုးသလို ပိုပြီးတော့လည်း ရက်စက်ကြမ်းကြုတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန်က ပြောပါတယ်။
မစ္စတာ ကုမ်ဂျန်ဟာ အောက်တိုဘာ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကော်မတီအစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲ မန္တလေးနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) က ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ စစ်ကိုင်းက မင်္ဂလာပွဲတစ်ခုနဲ့ ရခိုင်ပြည်နယ်က ကျေးရွာတွေလည်းပါဝင်တယ်လို့ သူက ဆက်ပြောထားပါတယ်။
- သေတွင်းကလွတ်သူသတို့သမီး ပြန်ပြောပြတဲ့မင်္ဂလာဆောင်ဗုံးကြဲခံရမှု
စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေဖမ်းဆီးခံရတာ မကြာခဏဖြစ်နေသလို IIMM အနေနဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားပြီး ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသူတွေအပါအဝင် မျက်မြင်သက်သေတွေဆီကနေ ထွက်ဆိုချက်တွေကို စုဆောင်းထားတယ်လို့ ထုတ်ပြောပါတယ်။
မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေပြီး တာဝန်အရှိဆုံးလူတွေကို လူမျိုးနဲ့ ကျားမ မခွဲခြားဘဲဖော်ထုတ်ဖို့ လုပ်ဆောင်နေကြောင်းကိုလည်း မစ္စတာ ကုမ်ဂျန်က ပြောထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တလွှားမှာလည်း အထူးစုံစမ်းမှုအသစ်တွေ ဆောင်ရွက်နေတယ်လို့ ထည့်ပြောပါတယ်။
IIMM ကို ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်-အေအေ) နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲကြောင့် အရပ်သားတွေ ကြောက်မက်ဖွယ်ထိခိုက်ခံစားနေရပြီး မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
- တန့်ဆည်က အရွယ်စုံအမျိုးသား ၁၁ ဦးသတ်ဖြတ်ခံခဲ့ရတဲ့ ၁၁ ရက်တာ ငရဲလမ်း
ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ အဖြစ်ဆိုးတွေဟာ ကျူးလွန်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ အပြစ်လွတ်ကင်းနေခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ သူက အခိုင်အမာပြောပါတယ်။ ကျူးလွန်သူတွေကို တရားစွဲအရေးယူမှုမလုပ်နိုင်ရင် ဒီလိုရာဇဝတ်မှုတွေ ဆက်ပြီးဖြစ်နေဦးမယ်လို့ ဆိုထားပါတယ်။
အလားတူ IIMM အနေနဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေလုပ်ဆောင်ဖို့ အခွင့်အာဏာမရှိပေမယ့် ဥပဒေဆိုင်ရာ အခွင့်အာဏာရှိသူတွေကို တင်ပြကူညီသွားမှာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ အမှုတွဲတွေတည်ဆောက်နိုင်ဖို့ တရားစီရင်ရေးအရာရှိတွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
- လူနှစ်ဒါဇင်ကျော် သေတဲ့ ကျိုက်မရော လေကြောင်းတိုက်ခိုက်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ
''တစ်ဖက်တည်း နိုင်ရမယ်ဆိုတဲ့ အခင်းအကျင်းကို ကျော်လွန်စဥ်းစားရမယ်'' - ကုလအထူးကိုယ်စားလှယ်ပြော

ဓာတ်ပုံ ရင်းမြစ်, Screengrab/UN Web TV
ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေး အကျဥ်းချုံးတင်ပြနေတဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ မြန်မာ့အရေး သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေဟာ ''တစ်ဖက်တည်းက အပြတ်အသတ်နိုင်ရမယ်'' ဆိုတဲ့ အခင်းအကျင်းကို ကျော်လွန်စဥ်းစားရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မီတီ အစည်းအဝေးမှာ အောက်တိုဘာလ ၂၉ ရက်တုန်းက ပြုလုပ်တဲ့ မြန်မာလူထုလိုအပ်နေတဲ့အကျပ်အတည်းကို ဖြေရှင်းရေးရည်ရွယ်တဲ့ မြန်မာ့အခြေအနေ အကျဥ်းရုံးတင်ပြမှုမှာ သူက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
''မြန်မာ့အကျပ်အတည်းဟာ မေ့ပျောက်ခံ ဖြစ်လာနေတယ်'' လို့လည်း အထူးကိုယ်စားလှယ်က သတိပေးပါတယ်။
နေပြည်တော်ကိုသွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မစ်ဂျူလီ ဘစ်ရှော့ကတော့ ကုလမဂ္ဂရဲ့မူဘောင်တွေထဲကနေ အထူးကိုယ်စားလှယ်တစ်ဦး လုပ်ဆောင်နိုင်စွမ်းကို အခြေခံပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှုမှာ ဘက်မလိုက်ရေးမူအရ မြန်မာ့အရေးဆိုင်သူအားလုံးနဲ့ ထိတွေ့ခဲ့တယ်လို့လည်း သူက ပြောပြပါတယ်။
ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆောင်ရွက်သူတွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံထားတယ်လို့ သူက ပြောပါတယ်။
- ကုလစင်မြင့်မှာ မြန်မာ့အရေးဘယ်လောက်လွှမ်းမိုးခဲ့လဲ
ဘုတလင်မှာ စစ်တပ်က ပစ်ခတ်ပြီး စစ်ကြောင်းဆက်ထိုးနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, အောက်တိုဘာလထဲ မီးရှို့ခံလိုက်ရတဲ့ ဘုတလင်မြို့ထဲက ရွာတစ်ရွာ စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာရှိတဲ့ ဘုတလင်မြို့ထဲက ရွာတွေကို ဒီကနေ့အထိ စစ်တပ်က အင်အားရာဂဏန်းနဲ့ စစ်ကြောင်းဆက်ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဘုတလင်မြို့အရှေ့ခြမ်းက အင်းတဲကျေးရွာကို မနေ့ အောက်တိုဘာ ၂၉ ရက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့အထိ အင်းတဲရွာမှာ တပ်စွဲထားတုန်းပဲလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
“အင်အား ၁၀၀ ကျော်ပါတယ်၊ ရွာထဲကို ပစ်ခတ်ပြီးဝင်သွားတာ” လို့ သူက ပြောပါတယ်။
ဘုတလင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “ စစ်ကြောင်း လာနိုင်တဲ့လမ်းတလျှောက်မှာ ကျွန်တော်တို့မိုင်းတွေ ထောင်ထားတယ်၊ အဲဒီမိုင်းတွေပေါက်ကွဲပြီးနောက်မှ ပစ်ခတ်သံတွေကြားရတာ”လို့ ရှင်းပြပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ အင်းတဲရွာထဲက အရပ်သားနေအိမ် ၅ လုံးခန့်လည်း မီးရှို့ခံလိုက်ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
အင်းတဲရွာအပါအဝင် ဘုတလင်မြို့နယ်ထဲက ရွာခံ ထောင်နဲ့ချီဟာ စစ်ကြောင်းစထိုးကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်တပ်စစ်ကြောင်းထဲမှာ နမခအခြေစိုက် ခြေမြန်တပ်မဌာနချုပ်ဖြစ်တဲ့ တပ်မ ၃၃ တပ်ဖွဲ့ဝင် နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် တပ်မ ၉၉ တပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ ဆိုပါတယ်။
- ကျားဘီလူးစစ်ကြောင်းနဲ့ ဘုတလင်က လူသတ်ပွဲ
စစ်တပ်စစ်ကြောင်းဟာ ဘုတလင်မြို့ထဲက ကျေးရွာ ၆ ရွာထက်မနည်းကို အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းထိုးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာပဲ ဘုတလင်မြို့ထဲက အရပ်သား ၂၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲက ၁၂ ဦးကတော့ ရုပ်ပျက်ဆင်းပျက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ အင်းတဲရွာ စစ်ကြောင်းထိုးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ ပထမဆုံးအကြိမ် သေဒဏ်စီရင်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဓာတ်ပုံ ပုံစာ, တရားခံကို သေဒဏ်ပေးမယ့်နေရာ ကားနဲ့ခေါ်ဆောင်သွားတဲ့မြင်ကွင်း ဆယ်နှစ်အရွယ်ကလေးငယ်ကို သတ်ခဲ့တဲ့ တရားခံကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီမနက်မှာပဲ သေဒဏ်စီရင်လိုက်ပါတယ်။
ဒါ့အပြင် မုဒိန်းမှု ကျူးလွန်သူ ၆ ယောက်ကိုပါ ဝတပ်ဖွဲ့က ပြစ်ဒဏ်စီရင်ခဲ့ပေမဲ့ သူတို့ကိုပါ သေဒဏ်ပေးမပေးတော့အသေးစိတ်မသိရပါဘူး။
ဒါဟာ ဟိုပန်မြို့ကို ဝ တပ်ဖွဲ့က ထိန်းချုပ်ထားပြီးတဲ့နောက် ပထမဆုံးသေဒဏ်စီရင်မှုဖြစ်လာပြီး တရားခံကို တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှုစေပါတယ်။
တရားခံကို သေဒဏ်ပေးမယ့်နေရာခေါ်ဆောင်သွားတဲ့အခါမှာလည်း မျက်နှာနဲ့ ခေါင်းတစ်ခုလုံးကို အမည်းရောင်အစနဲ့ အုပ်ထားပြီး အမိုးဖွင့်ကားနဲ့ ကားအနောက်ခန်းမှာ မတ်တပ်ရပ်လိုက်ခိုင်းစေသလို တရားခံဘေးမှာလည်း ဝ တပ်ဖွဲ့ဝင် ၄ ဦးက စောင့်ကြပ်လိုက်ပါခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ဆယ်နှစ်အရွယ်ကလေးငယ် နဲ့ မိသားစုဝင်တွေကို စတိုးဆိုင်ဝန်ထမ်းက တိုက်ခိုက်ခဲ့တဲ့ ဟိုပန်မြို့က အမှုဟာ လူမှုကွန်ရက်မှာပါ လူသိများခဲ့တဲ့အမှုဖြစ်ပြီး ကလေးသေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဝ တပ်ဖွဲ့ နဲ့ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ အထူးဒေသတွေမှာ လူသတ်မှုကို သေဒဏ်စီရင်လေ့ရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီးမှာ လောက်ကိုင်ကို ထိန်းချုပ်ခဲ့တဲ့ ကိုးကန့်တပ်က လောက်ကိုင်မှာ သေဒဏ်စီရင်ခဲ့ပြီး အခုတော့ ဝ တပ်ဖွဲ့ကလည်း ထိန်းချုပ်နယ်မြေ ဟိုပန်မှာ သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။
- ကိုးကန့်က သေဒဏ်စီရင်မှု ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ
- ပူအယ်မှတ်တမ်း - နေပြည်တော်ဘက်က တရုတ်ဘယ်လိုရပ်တည်လဲ၊ ဘာကြောင့်လဲ
မြန်မာစစ်တပ်ကို လောင်စာဆီပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ ခု ကို ဗြိတိန်က အသစ် အရေးယူပိတ်ဆို့

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာလတုန်းက နမ့်ခမ်းမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့မြင်ကွင်း မြန်မာစစ်တပ်အတွက် လေယာဉ်လောင်စာဆီအပါအဝင် စက်ကိရိယာတွေ ပံ့ပိုးနေတဲ့ ကုမ္ပဏီ ၆ ခုကို ထပ်ပြီး အရေးယူပိတ်ဆို့လိုက်တယ်လို့ ယူကေသံရုံး(မြန်မာ) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက်က ထုတ်တဲ့အဲဒီစာရင်းမှာ ဗြိတိန်နဲ့ မိတ်ဖက်ဖြစ်တဲ့ ဥရောပ သမဂ္ဂအပါအဝင် ကနေဒါနိုင်ငံတို့နဲ့ အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ လောင်စာဆီနဲ့ ပစ္စည်းကိရိယာအရင်းအမြစ်များ လာရာလမ်းကြောင်းကို ပိုပြီးကန့်သတ်ပိတ်ဆို့လိုက်တာလို့ ဖော်ပြထားပါတယ်။
အရေးယူခံရတဲ့ ကုမ္ပဏီ ၆ ခုကတော့ Asian Sun Group ကုမ္ပဏီလီမိတက်၊ Swan Energy ကုမ္ပဏီလီမိတက်၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited နဲ့ Pregress Technology Support ကုမ္ပဏီလီမိတက်(a.k.a Royal Shune Lei) နဲ့King Royal Technologies Co. Ltd တို့ဖြစ်ပါတယ်။
ဒီလိုပိတ်ဆို့အရေးယူတဲ့အပေါ် ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ကက်သရင်း ဝက်စ်ကလည်း “နိုင်ငံတဝန်း မှာဖြစ်နေတဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်တာအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်ခံနိုင်ဖွယ်မရှိပါ။ အပြစ်မဲ့တဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းကလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ” လို့ ပြောထားပါတယ်။
၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားသေဆုံးတဲ့အရေအတွက်ကလည်း ဒါဇင်နဲ့ချီရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဗြိတိန်ရဲ့ ဒီတစ်ခေါက်ပိတ်ဆို့မှုက မြန်မာစစ်တပ်အပေါ် ဖိအားပိုများစေသလို မြန်မာပြည်သူလူထုမျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ဗြိတိန်က ကူညီထောက်ပံ့ကူညီမှုတွေနဲ့ ရပ်တည်နေတယ်လို့ ယူကေက ထည့်ပြောထားပါတယ်။
ယူကေဟာ မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
