နိုဝင်ဘာ ၂၂ ရက် နောက်ဆုံးရသတင်းများ တင်ဆက်မှုပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စစ်ကောင်စီ လဝက ဝန်ကြီး တရုတ်ကတဆင့် မြန်မာနယ်စပ်ကိုသွား
စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင်ဖို့အရေးနဲ့ ပတ်သက်လို့ ယူနန်အာဏာပိုင်တွေနဲ့ ဆွေးနွေးတဲ့ သတင်းအပါအဝင် နိုဝင်ဘာ ၂၂ ရက် နိုင်ငံတဝန်းသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
အနှစ်ချုပ်
- ဒီနှစ်အတွင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေး ၆၅၀ ထက်မနည်းသေဆုံးတာနဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်တာတွေဖြစ်ခဲ့တယ်လို့ ယူနီဆက် ထုတ်ပြန်
- ယူကရိန်းအရှေ့ပိုင်းက နီပရိုမြို့ကို မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ရုရှားသမ္မတဗလာဒီမီယာပူတင်က ထွက်ပြောလိုက်ပြီး အနောက်နိုင်ငံတွေကို သတိပေး
- သမိုင်းပညာရှင် ဒေါက်တာတိုးလှနဲ့ လူပုဂ္ဂိုလ် ၄ ဦး ကို အမျိုးသားစာပေတစ်သက်တာဆု စစ်ကောင်စီ က ချီးမြှင့်
- ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ တို့ တွေ့
- နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ၃ ပတ်အတွင်း လူ ၁၇ သေဆုံးပြီး၊ ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်
- စစ်ကောင်စီ လဝက ဝန်ကြီး တရုတ်ကတဆင့် မြန်မာနယ်စပ်ကိုသွားပြီး ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင်ဖို့ ဆွေးနွေး
- အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ကာလရှည်မဟာမိတ် ပမ်ဘွန်ဒီကိုရှေ့နေချုပ်အဖြစ် အမည်စာရင်းတင်သွင်း
တိုက်ရိုက် ထုတ်လွှင့်ချက်
မြန်မာမှာ အကြမ်းဖက်မှုတွေအတွင်း ကလေး ၆၅၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ယူနီဆက်(ဖ်) ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်(ကရင်နီ)ဒေသ စစ်ရှောင်စခန်းတစ်ခုမှာတွေ့ရတဲ့ ကလေးငယ်များ ဒီနှစ်အတွင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေး ၆၅၀ ထက်မနည်းသေဆုံးတာနဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်တာတွေဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ ယူနီဆက်(ဖ်) က နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မြန်မာ့ပဋိပက္ခ ပြင်းထန်နေချိန်မှာ ကလေးတွေကို ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ယူနီဆက်(ဖ်) ဒုတိယ အမှုဆောင် ဒါရိုက်တာ မစ္စတာ တက်ချီဘန် က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးဒဏ်ရာရသူစံချိန်သစ်နဲ့ ကမ္ဘာထိပ်ဆုံးနိုင်ငံဖြစ်လာချိန်မှာ ယူနီဆက်(ဖ်) အကြီးအကဲတွေက ကလေးတွေကိုကာကွယ်ဖို့ ပြောလာတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရသူ ၁,၀၀၃ ဦး အထိရှိခဲ့တယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေး အဖွဲ့ (ICBL) က ၂၀၂၄ မြေမြှုပ်မိုင်းစောင့်ကြည့် အစီအရင်ခံစာထဲမှာ ရေးသားခဲ့ပါတယ်။
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာ ရခဲ့သူ အရပ်သား ၁၀၀၀ ကျော်ထဲမှာ ကလေးသူငယ်ပါဝင်မှုဟာ ၃၂ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့လည်း ယူနီဆက်(ဖ်) အဖွဲ့က ပြောပါတယ်။
အရပ်သားနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနားမှာ ဗုံးထောင်တာတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် အရပ်ဘက်နေရာတွေတိုက်ခိုက်ခံရတာ ပိုတိုးလာတယ်လို့လည်း ယူနီဆက်(ဖ်) က ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်တာတွေအပါအဝင် အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန့်လာတယ် လို့လည်း ယူနီဆက်(ဖ်) က ထုတ်ပြန်ပါတယ်။
ဒါအပြင် အဓိကမြို့ကြီးတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားပြီးနောက်ပိုင်း အရပ်သားတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့လည်း ယူနီဆက်(ဖ်) အဖွဲ့က ထုတ်ပြန်ပါတယ်။
ထရမ့်က သူ့ရှေ့နေကို ရှေ့နေချုပ်အဖြစ် အမည်စာရင်းတင်သွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်နယ်ထရမ့်နဲ့ ပမ်ဘွန်ဒီ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ကာလရှည်မဟာမိတ် ပမ်ဘွန်ဒီကိုရှေ့နေချုပ်အဖြစ် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
ဘွန်ဒီဟာ ထရမ့်ရဲ့ ပထမဆုံး အထက်လွှတ်တော်စွပ်စွဲပြစ်တင်မှုမှာ ဥပဒေအကြံပေးအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး နှုတ်ပိတ်ငွေပေးမှုအတွက် နယူးယောက်မှာတရားရင်ဆိုင်ခဲ့တဲ့ ထရမ့်ကို တရားရုံးအထိ သွားရောက် အားပေးခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်ဟောင်း ဘွန်ဒီဟာ တရားဥပဒေစိုးမိုးရေးနယ်ပယ်မှာ နှစ်များစွာတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ပမ်ဟာ ဥပဒေအရာရှိအဖြစ် နှစ်ပေါင်း ၂၀ နီးပါးလုပ်ကိုင်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေအပေါ် ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့လို့ ဖလော်ရီဒါက မိသားစုတွေ ဘေးကင်းကင်းနဲ့ နေခဲ့ရတယ်လို့ ထရမ့်က သူ့ရွေးချယ်မှုနဲ့ ပတ်သက်လို့ လူမှုမီဒီယာမှာ ကြေညာခဲ့ပါတယ်။
ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်စည်းရုံးစဉ်ကတည်းက ဘွန်ဒီဟာ ထရမ့်နဲ့ ရင်းနှီးခဲ့တာဖြစ်ပြီး ထရမ့်ကို မိတ်ဆွေလိုသတ်မှတ်ထားတယ်လို့ မကြာသေးမီမှာပြုလုပ်ခဲ့တဲ့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုအတွင်းမှာ မဲဆန္ဒရှင်တွေကို ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ သူဟာ ထရမ့်ရဲ့ ပထမဆုံး စွပ်စွဲပြစ်တင်မှုအတွင်း ဥပဒေအကြံပေးအဖြစ်သာမက ရှေ့နေအဖြစ်နဲ့ပါ ပါ၀င်ခဲ့ပါတယ်။
အဲဒီအမှုမှာ ထရမ့်ဟာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်မှာလည်း သူဟာ ထရမ့်ရဲ့ ဥပဒေအကြံပေးအဖွဲ့မှာဆက်လက်ပါဝင်ခဲ့ပါတယ်။
သူဟာ ထရမ့်ရဲ့ ၀န်ထမ်းဟောင်းတွေ တည်ထောင်ထားတဲ့ ပညာရှင်အဖွဲ့ အမေရိကန်ပထမမူဝါဒအင်စတီကျုရဲ့ ဥပဒေဌာနခွဲကိုလည်း ဦးဆောင်ခဲ့ပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းက မူးယစ်မှောင်ခိုဂိုဏ်း ကို စစ်ကောင်စီ ဖြိုခွင်း, ကျပ် ၂၇ ဘီလျံကျော်တန်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ဖမ်းဆီးလိုက်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက မူးယစ်မှောင်ခိုဂိုဏ်းကွန်ရက် မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက မူးယစ်မှောင်ခိုဂိုဏ်းကို ဖြိုခွင်းခဲ့ပြီး အဲဒီကနေ ကျပ်ငွေ ၂၇ ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ က နိုဝင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အဲဒီ မူးယစ်မှောင်ခိုဂိုဏ်း ကွန်ရက်ထဲမှာ အဖွဲ့ဝင် ၂၁ ဦးအထိပါဝင်တယ်လို့လည်း စစ်ကောင်စီ က ပြောပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၄၀၀ ကျော်နဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန် ပါဝင်တယ်လို့လည်း ပြောပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (တောင်ပိုင်း) ကနေ မန္တလေးမြို့ကို သယ်ဆောင်လာပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှာ သိုလှောင်ထားတာဖြစ်ပါတယ်။ အဲဒီကနေ မြန်မာ-အိန္ဒိယနယ်စပ်မှာ တဖက်နိုင်ငံက မူးယစ် ဆေးဝါးသယ်ယူရောင်းချသူတွေဆီကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ ကလေးဝကနေ ကလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ FUSO ၁၂ ဘီးယာဉ်ပေါ်ကနေ ဘိန်းဖြူ ကီလို ၅၀ ကျော် စတင်ဖမ်းမိခဲ့တာကနေ ကွင်းဆက်လိုက်ပြီး မူးယစ်ဂိုဏ်းဝင်တွေကို ဆက်တိုက်ဖမ်းနိုင်ခဲ့တာလို့လည်း ပြောပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောထားပါတယ်။
စိတ်ကြွမူးယစ်ဆေးဝါး မက်သာဖက်တမင်း၊ ဘိန်းဖြူ၊ ဆေးခြောက် အပါအဝင် ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၇၇ မျိုး တို့ရဲ့ စုစုပေါင်း ကာလတန်ဖိုး မြန်မာငွေကျပ် ၁,၁၆၃ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) ဖို့အထိ ဖျက်ဆီးခဲ့တယ်လို့လည်း စစ်ကောင်စီက ၂၀၂၄ ဇွန် လ က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းစစ်ပွဲ - ရုရှားက တိုက်ချင်းပစ် ICBM ဒုံးကျည် တကယ် သုံးလာပြီလား

ဓာတ်ပုံ ရင်းမြစ်, Gatty Images
ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ Yars တာဝေးပစ် ဒုံးကျည် ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းက နီပရို Dnipro မြို့ကို ပစ်မှတ်ထားပြီး ရုရှားတို့ဟာ တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။
နီပရိုမြို့ကို တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေထဲ ICBM လို့ အတိုကောက်ခေါ်တဲ့ တိုက်ချင်းပစ် ဒုံးကျည်သာ တကယ်ပါဝင်ကြောင်း သီးခြားလွတ်လပ်တဲ့ အတည်ပြုမှု ထွက်ပေါ် လာပြီ ဆိုရင်၊ ဒါဟာ ရက် (၁၀၀၀) စစ်ပွဲကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ရုရှားဟာ တိုက်ချင်းပစ် ဒုံးကျည် အဆင့်အတန်း လက်နက်ကိုပါ သုံးစွဲပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
နီပရိုမြို့ တိုက်ခိုက်ခံရတာကို ရိုက်ထားတဲ့ ဗီဒီယို တချို့ အွန်လိုင်းပေါ် ပြန့်နေပြီး ဘီဘီစီ အနေနဲ့လည်း ဒီဗီဒီယိုတွေဟာ အစစ်အမှန်တွေလား ဆိုတာကို အတည်ပြုနိုင်ဖို့ ဆန်းစစ် နေပါတယ်။ ဗီဒီယို တချို့ထဲမှာ နီပရိုမြို့လယ်ကို ပစ်မှတ်ထား တိုက်ခိုက် ခံရတာဆိုပြီး ပြောနေပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့် ကနေ ဖတ်ရှုနိုင်ပါတယ်။
အနောက်နိုင်ငံတွေကို ပူတင် သတိပေးပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ‘’ရုရှားဟာ ဘယ်အခြေအနေအတွက်မဆို အသင့်ရှိပါတယ်၊ ဒါကို သံသယမရှိသင့်ဘူး’’ လို့ ပူတင်က ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းက နီပရိုမြို့ကို မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ရုရှားသမ္မတဗလာဒီမီယာပူတင်က ထွက်ပြောလိုက်ပါပြီ။
ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို အမေရိကန်နဲ့ ယူကေလုပ် တာဝေးပစ်လက်နက်တွေနဲ့ ယူကရိန်းက ပစ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ နီပရိုမြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲကာလအတွင်း တိုက်ချင်းပစ် ဒုံးကျည်တွေ ရုရှားက ပထမဆုံးသုံးခဲ့လို့ တကမ္ဘာလုံး အုတ်သော်သောင်းနင်းဖြစ်ခဲ့ပါတယ်။
ယူကရိန်းကို လက်နက်တွေ အသုံးပြုခွင့်ပေးခဲ့တဲ့ နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်လာနိုင်တယ်လို့ ပူတင်က ပြောပါတယ်။
အိုရက်ရှနစ်လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ သာမန် တာလတ်ပစ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဒုံးကျည်ဟာ တစ်စက္ကန့်ကို ၂ ဒသမ ၅ ကီလိုမီတာ အမြန်နှုန်းရှိတယ်လို့ သူက ပြောပါတယ်။
‘’ရုရှားဟာ ဘယ်အခြေအနေအတွက်မဆို အသင့်ရှိပါတယ်၊ ဒါကို သံသယမရှိသင့်ဘူး၊ တုံ့ပြန်မှုတစ်ခု အမြဲရှိနေမှာပါ’’ လို့ ပူတင်က ပြောပါတယ်။
သမိုင်းပညာရှင် ဒေါက်တာတိုးလှနဲ့ လူပုဂ္ဂိုလ် ၄ ဦး ကို အမျိုးသားစာပေတစ်သက်တာ ဆုချီးမြှင့်

ဓာတ်ပုံ ရင်းမြစ်, Toee Hla
ဓာတ်ပုံ ပုံစာ, သမိုင်းပညာရှင် စာရေးဆရာ ဒေါက်တာတိုးလှ ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာတိုးလှ၊ ဒေါက်တာကျော်ဝင်း (သမိုင်း)၊ စာရေးဆရာ ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်) နဲ့ ဦးညွန့်ဆွေ (မောင်ဆွေသက်) တို့ကို ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့ရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းသူတစ်ဦးအနေနဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ စာရေးဆရာ Terence Tan (ဒေါက်တာတန်) အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ၂၀၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Ancient Beads and Jewellery of Myanmar စာအုပ် ကို စစ်ကောင်စီ က အင်္ဂလိပ်ဘာသာ (သုတ) အမျိုးသားစာပေဆု ပေးအပ်ခဲ့ပါတယ်။
ဘာသာပြန် (သုတ) အမျိုးသားစာပေဆုကို စာရေးဆရာ မင်းအောင်မင်း ဘာသာပြန်တဲ့ “မှေးမှိန်လာသော အမေရိကန်ရာစုနှစ်” စာအုပ်နဲ့ ရရှိခဲ့သလို သုတပဒေသာ (အသုံးချသိပ္ပံ) ဆုကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒေါက်တာ တင်ထွန်းဦး ရေးသားတဲ့ “ဇရာကို ရင်ဆိုင်ခြင်းအနုပညာ” စာအုပ် ကို ပေးခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားစာပေ ဝတ္ထုရှည်ဆုကိုတော့ “စစ်သူကြီး မဟာမင်းထင်နော်ရထာ” စာအုပ်ရေး သားတဲ့ စာရေးဆရာ ကြည်မင်းဝေ က ရရှိခဲ့ပြီး ရသစာတမ်း (အက်ဆေး) ဆုကိုတော့ စာရေးဆရာ နေမျိုးရေးသားတဲ့ “မိုးဘိုင်စကုတ်” စာအုပ် ကိုပေးအပ်ခဲ့ပါတယ်။
စာပေဗိမာန်ဆုတွေထဲမှာဆိုရင် ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသိန်းလွင်(စာရေးဆရာ မြန်စာမြေသိန်းလွင်) က “ပျို့စာဆို ဦးနိုး၏ ဘဝနှင့် စာပေ” စာအုပ်နဲ့ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆု ကိုရရှိခဲ့ပါတယ်။
ဟွန်ဆန်နဲ့ USDP ဥက္ကဋ္ဌ ဦးခင်ရီတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, မစ္စတာ ဟွန်ဆန်
ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ USDP ဥက္ကဋ္ဌ ဦးခင်ရီ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီ တို့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ မစ္စတာ ဟွန်ဆန် ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီများအထွေထွေညီလာခံ(ICAPP) ကို တက်ရောက်နေတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်နဲ့ အာရှနိုင်ငံရေးပါတီက ခေါင်းဆောင် တွေ့ဆုံချိန်မှာ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်နက် လည်းတက် ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားကလာတဲ့ သတင်းတွေအရသိရပါတယ်။
နိုင်ငံပေါင်း ၂၈ နိုင်ငံက နိုင်ငံရေးပါတီ ၄၉ ပါတီက ကိုယ်စားလှယ်တွေတက်ရောက်တဲ့ "A Quest for Peace and Reconciliation" ခေါင်းစဥ်နဲ့ ကျင်းပတဲ့ ICAPP အထွေထွေညီလာခံကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်နေတယ်လို့လည်း USDP ပါတီက သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ၂၀၃၀ ရောက်ရင် ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံဖြစ်အောင် မျှော်မှန်းထားပြီး ၂၀၅၀ မှာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာအောင် လုပ်ဆောင်နေတယ်လို့ အာရှနိုင်ငံရေးပါတီ တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ မစ္စတာ ဟွန်ဆန် ကပြောခဲ့ပါတယ်။
နောင်ချိုမှာ လေကြောင်းကဗုံးကြဲလို့ ၃ ပတ်အတွင်း လူ ၁၇ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, TNLA
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီးနောက်ပိုင်း မြင်ကွင်း တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီ တပ်က လေကြောင်းက ဗုံးကြဲလို့ နိုဝင်ဘာ ၁ ရက် ကနေ ၂၁ ရက်နေ့အထိ ဒေသခံ ၁၇ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ကလည်း TNLA တပ်မဟာ (၂)နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ ဦးသေဆုံးပြီး လူ ၅ ဦးဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
အဲဒီနေ့ တစ်ရက်ထဲမှာပဲ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို ဗုံးလာကြဲလို့ ဘုန်းကြီးကျောင်းထဲမှာ ပေါက်ကွဲခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ပြောပါတယ်။
ဒါအပြင် ကံကြီးကျေးရွာကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံး ၃ ကြိမ်လာကြဲလို့ ဒေသခံ အမျိုးသား ၁ ဦး သေဆုံးပြီး လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲလို့ နောင်ချိုမြို့နယ် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားပြီး အဆောင်တစ်ချို့ ထိမှန်သွားတယ်လို့လည်း TNLA က ပြောပါတယ်။
စစ်ကောင်စီ လဝက ဝန်ကြီး တရုတ်ကတဆင့် မြန်မာနယ်စပ်ကိုသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်နေရာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့တဲ့အကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင်ဖို့အရေးနဲ့ ပတ်သက်လို့ ယူနန်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပြီး
တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရချင်းဆွေးနွေးပြီးမှသာ နယ်စပ်ဂိတ်တွေကို လိုအပ်သလို ပြန်ဖွင့်ပေးမယ်လို့ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး မစ္စတာ ဂျင်းဘင် ကပြောခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင်ကြိုင်နဲ့ ယူနန်ပြည်နယ် အာဏာပိုင်တွေ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီး ရွှေလီမြို့မှာ နိုဝင်ဘာ ၂၀ က ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်မြန်မာနယ်စပ်ကို တိုင်းရင်းသားနက်လက်ကိုင်တွေ ထိန်းချုပ်ပြီး နောက်ပိုင်း နယ်စပ်အဝင်အထွက်တွေကို ပိတ်ထားတယ်လို့ တရုတ်အာဏာပိုင်တွေက စစ်ကောင်စီဘက်ကို ပြောခဲ့ပါတယ်။
တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှ ဂိတ်တွေ ပြန်ဖွင့်ပေးမယ်လို့လည်း တရုတ်ပြောဘက်က ဆွေးနွေးခဲ့ပါတယ်။
ဦးမြင်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့ပြီး ဌာနဆိုင်ရာတွေနဲ့တွေ့ခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မလိုလားအပ်တဲ့ ကုန်ပစ္စည်းတွေ လက်နက်ကိုင်တပ်ဖွဲ့တွေဆီမရောက်အောင် နယ်စပ်ဂိတ်တွေပိတ်ထားသလို ပြည်သူတွေသွားလာနိုင်ဖို့ မဖြစ်မနေဖွင့်ရမယ့် ဂိတ်တွေကိုလည်း အသေးစိတ်စစ်ဆေးဖို့ သူက မှာကြားခဲ့ပါတယ်။
