နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ ပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီထောင်ဖို့ တရုတ်ကမ်းလှမ်း
တရုတ်ကမ်းလှမ်းချက်နဲ့ နှစ်နိုင်ငံ ဖက်စပ်လုံခြုံရေး ကုမ္ပဏီထောင်ဖို့ စစ်ကောင်စီက MOUလက်မှတ်ရေးထိုးရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့သတင်းအပါအဝင် နိုဝင်ဘာ ၁၅ ရက် ထူးခြားသတင်းများ တိုက်ခိုက်ထုတ်လွှင့်ချက်
အနှစ်ချုပ်
- တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီထောင်ဖို့ တရုတ်ကမ်းလှမ်း
- ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ အပျော်စီးပင်လယ်ဓားပြလှေ မတော်တဆမှုဖြစ်
- မဲဆောက်မှာ မြန်မာတစ်ဦး ရိုက်နှက်ခံရပြီးသေဆုံးမှု သမာသမတ်ကျတဲ့ စုံစမ်းမှုလုပ်ဖို့ ထိုင်းအစိုးရကို Fortify Rights တောင်းဆို
- တာချီလိတ်ဖုန်းဆိုင် လုယက်သူ ၄ ဦး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြော
- ကုလငြိမ်းချမ်းရေးတက္ကသိုလ်က စစ်ကောင်စီဝန်ထမ်း ၃၀ ကို နေပြည်တော်မှာ ငြိမ်းချမ်းရေးသင်တန်းပေး
- အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရဲ့ လေထုအရည်အသွေး စိုးရိမ်အဆင့်ရောက်ရှိ
- ဂွမြို့နယ် ဂျိုင်ကောက်ရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ
- လားရှိုးကို ပြန်တိုက်ဖို့ စစ်ကောင်စီတပ်တွေ စစ်ရေးပြင်
တိုက်ရိုက် ထုတ်လွှင့်ချက်
လားရှိုးကို ပြန်တိုက်ဖို့ စစ်ကောင်စီတပ်တွေ စစ်ရေးပြင်

ဓာတ်ပုံ ရင်းမြစ်, လားရှိုးမြို့ပြန်လည်ထူထောင်ရေး
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ လေကြောင်းဗုံးထိမှန်ပျက်စီးခဲ့တဲ့ လားရှိုးမြို့မယ်ဟန် ကျေးရွာအုပ်စုထဲက ရွှေမြင်းနှစ်ကောင်စက်ရုံ ကိုးကန့်တပ် MNDAA သိမ်းထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ဖို့ စစ်ရေးပြင်နေပြီ လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ လားရှိုးနဲ့ တခြားမြို့တွေဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့လိုက်ပြီး အရပ်သားတွေကို အသုံးပြုခွင့်မပြုတော့ဘူးလို့ ဒီလမ်းကိုအသုံးပြုနေတဲ့ ခရီးသည်တွေက ဘီဘီစီကို နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်ကစပြီး လားရှိုး-တန့်ယန်း- မိုင်းရယ်လမ်းပိုင်းမှာ စစ်ကောင်စီက မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ အထွက်အထိ နေရာယူထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’လားရှိုးအတွက် ကာကင်းကို ဟိုယ မှာ ကိုးကန့်က ချထားတာ။ အဲဒါကို စစ်ကောင်စီက အချိန်မရွေးတိုက်နိုင်ဖို့ စစ်ရေးပြင်နေတာ’’ လို့ ဘီဘီစီရဲ့ စစ်ရေးသတင်းအရင်းအမြစ် ကပြောပါတယ်။
ဟိုယရွာမှာ ကိုးကန့်တပ် MNDAA တပ်ချထားတဲ့နေရာဝန်းကျင်အထိ စစ်ကောင်စီက ဂိတ်ရှေ့တိုးချလာတဲ့အနေ အထားဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ လားရှိုးကိုပြန်တိုက်လိမ့်မယ်လို့ ခရီးစဉ်မတိုင်ခင်ကတည်းက စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လားရှိုးကိုသွားမယ့် ခရီးသည်ကားတချို့လည်း စစ်ကောင်စီပိတ်ဆို့ထားတာကြောင့် ခရီးဆက်မရဘဲ မိုင်းရယ် နဲ့ တန့်ယန်းမြို့ ပေါ်မှာ ပိတ်မိနေတာပါ။
လားရှိုးဘက်က ဆင်းလာတဲ့ကားတွေကို ပိတ်တာမဟုတ်ဘဲ လားရှိုးကိုဝင်မယ့်ကားတွေကို ပိတ်တာလို့ ကားသမားအသိုင်းအဝိုင်းက ဘီဘီစီကိုပြောပါတယ်။
ဒီလမ်းပိုင်းအပြင် လဲချား၊မိုင်းနောင်လမ်းခွဲ၊ မိုင်းရယ် - ကောင်းလမ်း၊ ဝမ်စပ် လမ်းတွေကိုလည်း စစ်ကောင်စီ က ပိတ်ထားတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီက ရှမ်းတောင်နဲ့ရှမ်းမြောက်သွားလာမယ့် ကားတွေကို ဗထူးဂိတ်ကနေ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာဖြစ်ပါတယ်။
ဂွမြို့နယ် ဂျိုင်ကောက်ရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ, ကလေး ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ ၈ ဦးထက်မနည်းဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၄ ရက်ညပိုင်း စစ်ကောင်စီမိုင်းခွဲဖျက်ဆီးခဲ့တဲ့ ဆတ်သွားတံတား ရခိုင်ပြည်နယ်တောင်ဘက်စွန်းမှာရှိတဲ့ ဂွမြို့နယ်ထဲက ဂျိုင်ကောက်ကျေးရွာကို နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဗုံးက ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ကလေး ၁ ဦးအပါအဝင် ရွာသား ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဂျိုင်ကောက်ကျေးရွာဟာ ဂွမြို့နယ်မြောက်ပိုင်း ကျိန္တလီနဲ့ ဂွမြို့အကြားမှာရှိပြီး လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော် အေအေဘက်က ကျေးရွာသားတချို့ကို ကယ်ထုတ်ပေးနိုင်ခဲ့ပေမဲ့ ပိတ်မိနေတဲ့ သူတွေကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား လွန်ခဲ့တဲ့လေးရက်လောက်ကနေ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး နိုဝင်ဘာ ၁၄ ရက်နေ့ညမှာ ဂျိုင်ကောက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆတ်သွားကျေးရွာဘက်ကို ဆုတ်ခွာသွားခဲ့ကြပါတယ်။
တပ်ဆုတ်သွားတဲ့ ဆတ်သွားရွာ နဲ့ ဂျိုင်ကောက်ရွာချင်းဆက် တံတားကိုလည်း နိုဝင်ဘာ ၁၄ ရက်ညပိုင်းမှာ စစ်ကောင်စီကမိုင်းခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က မိုင်းခွဲဖျက်ဆီးတာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရခိုင်ပြည်နယ်အနှံ့ တံတား ၂၉ စင်း ပျက်စီးခဲ့ရပြီးဖြစ်တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရဲ့ လေထုအရည်အသွေး စိုးရိမ်အဆင့်ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၁ ရက်၊ နယူးဒေလီမြို့က လေထုညစ်ညမ်းနေတဲ့ မြူတွေကြား သွားလာနေတဲ့ မော်တော်ယာဉ်တွေ မူလတန်းကျောင်းတွေပိတ်လိုက်ရ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီနဲ့ ပတ်ဝန်းကျင်မြို့တွေရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ ကမ္ဘ့ာကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့လုံခြုံမှုအဆင့်ကို အဆ ၅၀ အထိ ကျော်လွန်ရောက်ရှိနေပါပြီ။
ဒေလီက ကျောင်းတွေကို ပိတ်လိုက်ပြီး အွန်လိုင်းကနေ သင်ပေးမယ်လို့ အိန္ဒိယနိုင်ငံ၊ မြို့တော်ဝန် Atishi Marlena Singh က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီရောက်တိုင်း ဒေလီနဲ့မြောက်ပိုင်းပြည်နယ်တွေမှာ အပူချိန်ကျဆင်းတာ၊ မီးခိုး၊ဖုန်မှုန့်နဲ့ လေတိုက်နှုန်းနှေးတာတွေအပြင် ယာဉ်တွေက ထွက်တဲ့ မီးခိုး၊ ရိုးပြတ်မီးရှို့တာတွေကြောင့် ကျန်းမာရေးထိခိုက်စေတဲ့အထိ လေထုညစ်ညမ်းတတ်ပါတယ်။
လာမဲ့ရက်တွေမှာ အခြေအနေပိုဆိုးဖို့ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဆွစ်ဇာလန် အခြေစိုက် လေထုအရည်အသွေးအညွှန်းကိန်း(AIQ) စောင့်ကြည့်ရေးအဖွဲ့ IQAir က ဒေလီက နေရာအတော်များများမှာ ဗုဒ္ဓဟူးနေ့က အမှတ်ငါးရာအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
WHO သတ်မှတ်ချက်အရ AQU တန်ဖိုး ၁၀၀ နဲ့ ၁၀၀ အောက်ရှိရင် အသက်ရှူဖို့ အဆင်ပြေပြီး ၄၀၀ ကနေ ၅၀၀ ကြားဟာ ညစ်ညမ်းမှုအဆင့်ပြင်းထန်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂတက္ကသိုလ်တစ်ခုက စစ်ကောင်စီဝန်ထမ်း ၃၀ ကို နေပြည်တော်မှာ ငြိမ်းချမ်းရေးသင်တန်းပေး

ဓာတ်ပုံ ရင်းမြစ်, MOFA Myanmar
ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေး တက္ကသိုလ် (University for Peace-UPEACE)က နေပြည်တော်မှာ ပို့ချခဲ့တဲ့သင်တန်း တက်ရောက်သူတွေ ၁၉၈၀ ခုနှစ်ကတည်းက ကုလသမဂ္ဂက တည်ထောင်ခဲ့တဲ့ ငြိမ်းချမ်းရေးတက္ကသိုလ် University for Peace (UPEACE) က နေပြည်တော်က ဝန်ထမ်း ၃၀ ကို ၂ ရက်တာ သင်တန်းလာပေးသွားတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နဲ့ ကွဲပြားခြားနားတဲ့ ယဥ်ကျေးမှုဆိုင်ရာ သင်တန်တွေကို နိုဝင်ဘာ ၁၁ နဲ့ ၁၂ ရက်တွေမှာ လာပေးသွားတာဖြစ်ပါတယ်။
ဒီသင်တန်းကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၊အခြားသက်ဆိုင်ရာဝန်ကြီးဌာနဲ့ဆက်စပ်အဖွဲ့အစည်း တွေက အလယ်အလတ်အရာထမ်းတွေတက်ခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသင်တန်းကို ဝန်ထမ်းတွေ ငြိမ်းချမ်းရေး၊ပဋိပက္ခ၊သံတမန်ဆက်ဆံရေး၊ နိုင်ငံတကာဥပဒေ နဲ့ လူ့အခွင့်ရေးအသိပညာတိုးဖို့ စီစဉ်ခဲ့တာလိို့ ပြောထားတာပါ။
UPEACE ရုံးချုပ်ဟာ ကော်စတာရီကာနိုင်ငံမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊လူ့အခွင့်အရေး နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွေကိုသင်ကြားပို့ချနေတာဖြစ်ပါတယ်။
‘ဖောင်စီးရင်း ရေငတ်ခြင်း’ သို့မဟုတ် ရေနံရောတဲ့ ရေတွေနဲ့ အသက်ဆက်ရသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ဆူဒန်နိုင်ငံရဲ့ မြက်ခင်းပြင်ထဲက ရေအိုင်လေးမှာ နွားကျောင်းသားတွေက နောက်ကျိနေတဲ့ ရေကို ခပ်ယူနေကြပါတယ်။ ဒါကိုသောက်သုံးဖို့ မသင့်ဘူးဆိုတာလည်း သူတို့ သိထားပြီးသားပါ။
“ဒီနေရာမှာ ဓာတုပစ္စည်းတွေပါတဲ့ ရေနံရှိလို့ ရေက မသန့်ဘူးလေ” လို့ သူတို့ခေါင်းဆောင် ချီလော့ပွားက ပြောပါတယ်။
တောင်ဆူဒန်နိုင်ငံက ရေနံမြေပေါ်မှာ နေထိုင်ကြသူတွေ ကြုံနေရတဲ့ ရေဆာလောင်ငတ်မွတ်ခြင်းပြဿနာ၊ ကျန်းမာရေးပြဿနာတွေကို ဒီလင့်ခ် ‘ဖောင်စီးရင်း ရေငတ်ခြင်း’ ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
COP29-ရာသီဥတုပြောင်းလဲမှုအပေါ် ဘယ်လောက်ထောက်ပံ့ကာကွယ်ကြမလဲ ဆိုတဲ့ ဒေါ်လာ ထရီလျံတန် မေးခွန်း
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ ညီလာခံကို "ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေး ငွေကြေးအထောက်အပံ့ COP" လို့ အမည်ပေးထားပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ ညီလာခံကို "ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေး ငွေကြေးအထောက်အပံ့ COP" လို့ အမည်ပေးထားပါတယ်။
ဒီညီလာခံမှာ သန့်ရှင်းစွမ်းအင် ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် မပျက်စီးစေတဲ့ အခြေခံအဆောက်အအုံမျိုးကို ပြောင်းလဲ ကျင့်သုံးဖို့ ကအစ ပဏာမ သတိပေးစနစ်တွေ တပ်ဆင်ဖို့အထိ ဆွေးနွေးကြမှာပါ။
ဒါတင်မက မိုးခေါင်ရေရှားမှုဒဏ် ခံနိုင်ရည်စွမ်းရှိတဲ့ စိုက်ခင်းတွေ စတင်စိုက်ပျိုးဖို့အထိ ပါဝင်တဲ့ ဆောင်ရွက်မှုတွေ လုပ်နိုင်ရေးမှာ လိုအပ်တဲ့ ငွေကြေးပမာဏအကြောင်းလည်း ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။
ဒီညီလာခံကနေ "New Collective Quantified Goal" ဆိုတဲ့ "ထောက်ပံ့ငွေ စုပေါင်းတိုးပေးရေးပန်းတိုင်သစ်" အကောင်အထည် ဖော်နိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဝါးဆုံး ခံနေရတဲ့ ကမ္ဘာ့တောင်ဘက်ပိုင်းက နိုင်ငံတွေကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက ငွေကြေးထောက်ပံ့မှုတွေ တိုးပေးရေး ကတိအသစ်တစ်ခု ရလာနိုင်ဖွယ် ရှိပါတယ်။
ရာသီဥတုပြောင်းလဲလာမှု တိုက်ဖျက်ရေးမှာ သမိုင်းနဲ့ချီ တာဝန်ယူထားကြတဲ့ ဒီဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒေါ်လာ ဘီလျံ ၁၀၀ ထောက်ပံ့ပေးမယ်လို့ တစ်ချိန်က ကတိပြုထားခဲ့ကြပြီး ဖြစ်ပါတယ်။ အခု၂၀၂၄ မှာတော့ ဒေါ်လာ ထရီလျံပေါင်းများစွာ ထောက်ပံ့နိုင်ဖွယ် ရှိပါတယ်။
ထောက်ပံ့ငွေ နဲ့ ပတ်သတ်လို့ ထောင့်ပေါင်းစုံက ရှုထောင့်တွေပါဝင်တဲ့ ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေကို ငွေနဲ့ဘယ်လိုပြန်ရွေးခဲ့ရလဲ

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာအမျိုးသားတချို့ အိမ်ကိုပြန်မရောက်ဘဲ စစ်မှုထမ်းဖို့အတွက် လမ်းမှာတင် စုဆောင်း ခေါ် ဆောင်ခံရတာတွေ ရှိလာပါတယ်။
မိသားစုဝင်တချို့က ငွေပေးပြီး ပြန်ထုတ်သွားလို့ လွတ်မြောက်သူတချို့ရှိခဲ့ပေမဲ့ လာမရွေးနိုင်သူတွေကတော့ စစ်တပ်ထဲအထိ ခေါ်ဆောင်သွားခံရပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေကို ငွေနဲ့ဘယ်လိုပြန်ရွေးခဲ့ရလဲ လင့်ခ်ကိုနှိပ်ပြီး ဆက်လက် ဖတ်ရှုနိုင်ပါပြီ။
ပုလဲမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်နဂါးတပ် ဘာကြောင့်ဆုတ်ခွာခဲ့ရလဲ
ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) တပ်ရဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သိမ်းတိုက်ပွဲ ဟာ ထိုးစစ် ၄ ရက်အကြာမှာ ဆုတ်ခွာလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
၂၀၂၄ နိုဝင်ဘာ ၁၁ ရက် စတိုက်ခဲ့တဲ့ အဲဒီမြို့ပေါ် တိုက်ပွဲဟာ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ဒီဆောင်းပါးအပြည့်အစုံကို ဗိုလ်နဂါးတပ် ဘာကြောင့်ဆုတ်ခွာခဲ့ရလဲ လင့်ခ်မှာနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, BNRA
လူငါးဦးအထိသေဆုံးခဲ့တဲ့ အိုင်ဖုန်း အလုံး ၂၀ လုယက်မှု

ဓာတ်ပုံ ရင်းမြစ်, တာချီလိတ်မြို့မရဲစခန်း
ဓာတ်ပုံ ပုံစာ, တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်လာတဲ့ CCTV မှတ်တမ်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တချို့ ဖုန်းဆိုင်တစ်ခုကို သေနတ် ပစ်ခတ်လုယက်ခဲ့တဲ့ဖြစ်စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာြဖစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးကာ လုယက်သူ ၄ ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က First Rate Mobile ကို ဝင်ရောက်လုယက်မှုအတွင်း ဖုန်းဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို iPhone အလုံး ၂၀ ကို လုယက်ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
ဖုန်းဆိုင်လုယက်မှုကျူးလွန်ခဲ့သူ ၄ ဦးကို သတင်းအရ တာချီလိတ်မြို့နယ်ထဲက အငှားနေအိမ်လိုင်းခန်းမှာရှိနေတယ်လို့သတင်းရတာကြောင့် နိုဝင်ဘာ ၁၃ ရက်ညပိုင်းမှာ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စီးနင်းချိန်မှာ လုယက်သူတွေဘက်က စတင်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်ကြရင်း အသေဖမ်းဆီးရမိခဲ့တယ်လို့လည်း ရဲဘက်ကပြောပါတယ်။
သေဆုံးသူ ၄ ဦး နဲ့အတူ အခင်းနေရာမှာ လုယက်သွားတဲ့ ဖုန်း ၂၀ လုံးထဲက ၁၂ လုံး၊ သေနတ်တချို့ နဲ့ ကားတစ်စီးတို့ကို သိမ်းယူ ခဲ့တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့ကဆိုပါတယ်။
ပခုက္ကူ နှောကုန်းရွာ အိမ် ၁၈၀ ကျော် မီးရှို့ခံရ၊ အမျိုးသမီး ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ ၁၄ ရက်မှာ စစ်ကြောင်းက မီးရှို့ခဲ့တဲ့ နှောကုန်းရွာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက နှောကုန်းရွာကို နိုဝင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး အိမ် ၁၈၇ လုံးကို မီးရှို့ဖြတ်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီရွာမှာ အိမ်ခြေ ၂၀၀ ရှိတာကြောင့် ရွာရှိအိမ်ခြေအားလုံးနီးပါး မီးထဲပါသွားတာပါ။
စစ်ကြောင်းထိုးချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်၊မီးရှို့တာတွေကြောင့် ရွာခံအမျိုးသမီး ၃ ဦးသေဆုံးခဲ့တယ်လို့လည်း မီးဝင်ငြှိမ်းသတ်တုန်းက တွေ့ခဲ့တဲ့အခြေအနေကို သူကပြောပါတယ်။
စစ်ကြောင်းကတော့ မနေ့တည်းက နှောကုန်းကနေ တပ်စွဲထားရာ ပခုက္ကူနယ်ထဲက ရွှေတန့်တစ်ရွာ နဲ့ ဆင်မင်းရွာကို ပြန်လည်ဆုတ်သွားပြီလို့ သူကပြောပါတယ်။
ပခုက္ကူအခြေစိုက် ခလရ ၂၅၉ နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ ပခုက္ကူနယ်ထဲမှာ အောက်တိုဘာ ၂၁ ရက် ကစပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ဒီစစ်ကြောင်းကြောင့် မနေ့က မီးရှို့ခံရတဲ့ နှောကုန်း၊ ရွှေတန်းတစ် ၊ဆင်မင်း ရွာတွေအပါအဝင် ရွာ ၁၅ ရွာက စစ်ရှောင် ၇၀၀၀ ဝန်းကျင်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။
မဲဆောက်မှာ မြန်မာတစ်ဦး ရိုက်နှက်ခံရပြီးသေဆုံးမှု သမာသမတ်ကျတဲ့ စုံစမ်းမှုလုပ်ဖို့ ထိုင်းအစိုးရကို Fortify Rights တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Fortify Rights
ဓာတ်ပုံ ပုံစာ, ထိုင်းစစ်တပ်ဖွဲ့ဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ကိုအောင်ကိုကို ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းစစ်တပ်ဖွဲ့ဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ကိုအောင်ကိုကိုအမှုနဲ့ပတ်သက်ပြီး သမာသမတ်ကျတဲ့စုံစမ်းမှုလုပ်ပေးဖို့ လူ့အခွင့်အဖွဲ့ (Fortify Rights) က ထိုင်းအစိုးရကို တောင်းဆို လိုက်ပါတယ်။
အမေရိကန်နဲ့ ဆွစ်ဇလန် နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights ဟာ အသက် ၃၇ နှစ် အရွယ် ကိုအောင်ကိုကို သေဆုံးမှုနဲ့ပတ်သက်ပြီး စာမျက်နှာ ၄၄ မျက်နှာပါတဲ့ အစီအရင်ခံ စာကို နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ချိန် အခုလို တောင်း ဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီအစီအရင်ခံစာထဲမှာ ထိုင်းစစ်တပ်ဖွဲ့ဝင် ၄ ဦးဟာ ထိုင်း-မြန်မာနယ်စပ်၊ ရိုင် ၇၀ တံတားထိပ်မှာ မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ ပြီးနောက် တပ်ဖွဲ့ဝင် ၃ ဦးက ညှဥ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကိုအောင်ကိုကိုဟာ ဦးခေါင်းဒဏ်ရာနဲ့ တခြားဒဏ်ရာတွေကြောင့် ကွယ်လွန်ခဲ့တယ်လို့ မျက်မြင်သက်သေ၊ တရာရုံးမှာတင်သွင်းတဲ့ သေမှုသေခင်း ဆေးစစ်ချက်မှတ်တမ်းတွေကို ကိုးကားပြီး Fortify Rights အဖွဲ့ က ပြောပါတယ်။
ဒါပေမဲ့လည်း လူသေစေမှုနဲ့ ထိုင်းအာဏာပိုင်တွေက တခြားမြန်မာနိုင်ငံသားတစ်ဦးကို အရေးယူခဲ့တယ်လို့လည်း Fortify Rights အဖွဲ့က ထုတ်ပြန်ပါတယ်။
ကိုအောင်ကိုကို သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို အများပြည်သူကို ထုတ်ပြန်ပေးဖို့နဲ့ အလောင်းရင်ခွဲစိတ်ချက်မှတ်တမ်းတွေကို ကိုအောင်ကိုကို မိသားစုရဲ့ ရှေ့နေအဖွဲ့ကို ပေးအပ်ဖို့ကိုလည်း Fortify Rights အဖွဲ့ က ထိုင်းရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ဒါအပြင် ကိုအောင်ကိုကို သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်စုံစမ်းဖော်ထုတ်တဲ့နေရာမှာ ထိုင်းစစ်တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ အစီအရင်ခံစာထဲမှာ အကြံပြုထားပါတယ်။
ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ အပျော်စီးပင်လယ်ဓားပြလှေ မတော်တဆမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ညပိုင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့ ကျော်သူမိုး အပျော်စီးပင်လယ်ဓားပြလှေ ပဲခူးတိုင်းဒေသကြီး၊ရွှေဆံတော်ဘုရားပွဲမှာ အပျော်စီးပင်လယ်ဓားပြလှေပေါ်ကိုတက်တဲ့ အတက်အဆင်း လှေကားပြိုကျမှု နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
“လူအရမ်းများတော့ တစ်ခါတည်းပြုံတက်ရာကနေ လှေကားက နိမ့်ကျသွားတဲ့သဘောပေါ့။ ထိခိုက်တာတော့ မရှိဘူးထင်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးကတော့ ပွဲတော်လုံခြုံရေးတွေက ထိခိုက်တဲ့သတင်းကိုဖုံးထားတဲ့ သဘောရှိတယ်လို့ပြောပါတယ်။
“ညကအဲဒီဘက်မှာအတော်ဆူညံသွားတယ်။ ပွဲလုံခြုံရေးအတွင်းပိုင်းကို အရန်မီးသတ်ကပဲယူထားတာ။ လှေကား ပြိုတာကို သွားကူတဲ့အဖွဲ့တွေကလည်း ဘယ်လောက်ထိခိုက်တယ်ဆိုတာ ထုတ်မပြောရဲပုံပဲ”လို့ သူက ပြောပါတယ်။
ရွှေဆံတော်ဘုရား ဂေါပကကတော့ ထိခိုက်သူမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နျံ့နေတဲ့ ဓာတ်ပုံတွေထဲမှာ လူအုပ်လိုက် ထိတ်လန့်တကြားဖြစ်ခဲ့တာကိုတွေ့ရပါတယ်။
ပြည်မြို့ ရွှေဆံတော်ဘုရားပွဲကို နိုဝင်ဘာ ၈ ရက်ကနေ ၁၇ ရက်အထိ ၁၀ရက်တာ ကျင်းပနေတာဖြစ်ပါတယ်။
မြန်မာပြည်တွင်းစစ်ထဲ ပြည်ပကြေးစားတပ်တွေရှိနေလား

ဓာတ်ပုံ ပုံစာ, ကြေးစားစစ်သားတွေလို့ အလွယ်ခေါ်ကြတဲ့ ‘’ပုဂ္ဂလိက စစ်ဘက်လုံခြုံရေးကုမ္ပဏီ’’ တွေက ဘယ်လိုစုဖွဲ့မှုရှိသလဲ၊ မြန်မာ့ပြည်တွင်းစစ်မှာ ဘယ်လိုပါဝင်ပတ်သက်နေလဲ။ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေအတွက် နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့အတွက် တရုတ်ဘက်က ကမ်းလှမ်းထားပါတယ်။
ဘီဘီစီကရေးသားဖော်ပြခဲ့တဲ့ ရုရှားနဲ့ တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ ဘယ်အလုပ်လုပ်သလဲ၊ မြန်မာပြည်တွင်းစစ်မှာ ဘယ်လိုပတ်သက်ခဲ့ပါသလဲ။
ဆောင်းပါးအပြည့်အစုံကိုလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီထောင်ဖို့ တရုတ်ကမ်းလှမ်း

ဓာတ်ပုံ ရင်းမြစ်, Huaxin China Security
ဓာတ်ပုံ ပုံစာ, တရုတ်သင်္ဘောတွေအတွက် ပင်လယ်ဓားပြတိုက်ဖျက်ရေး လုပ်ဆောင်ပေးနေတဲ့ Huaxin China Security မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေအတွက် နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့အတွက် တရုတ်ဘက်ကကမ်းလှမ်းထားပြီး သဘောတူစာချုပ်ချုပ်ဆိုရေး လုပ်ငန်းကော်မတီတစ်ရပ် စစ်ကောင်စီကဖွဲ့ စည်းထားတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဒီကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စစ်ကောင်စီဝန်ကြီး ဌာနအလိုက် အရာရှိကြီး ၁၃ ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
ကုမ္ပဏီတည်ထောင်ပြီးရင် လက်နက်နဲ့ ဆက်သွယ်ရေးစက်အပါအဝင် ထိန်းချုပ်သုံးစွဲရမဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်သွင်း လာဖို့ကိစ္စတွေကိုပါ ဒီကော်မတီက စိစစ်အကြံပေးရမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အထိ တရုတ်နိုင်ငံကို သွားခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်မှာ တရုတ်စီးပွားရေးလုပ်ငန်းတွေ မြန်မာမှာရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတချို့ရှိလာနေချိန်မှာ တရုတ်ဘက်က ဒီကမ်းလှမ်းမှုပေါ်ပေါက်လာတာပါ။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားက စစ်ကောင်စီဝန်ကြီးတွေနဲ့တွေ့ဆုံတိုင်းမှာ မြန်မာပြည်ထဲကတရုတ်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ပြည်ထဲရေးဒုဝန်ကြီးပြောကြားချက်အရ မြန်မာမှာ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏိ ၄ ခုရှိတယ် လို့ဆိုထားပြီး မြေပြင်မှာတော့ ကုမ္ပဏီ ၁၅၀ နီးပါးရှိနေတယ်လို့ ၂၀၂၂ ခုနှစ်ကထုတ်ပြန်တဲ့ မြန်မာကလုံခြုံရေးကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့အစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်။
ဒီကုမ္ပဏီတွေက မရွေ့မလျားဘဲ လုံခြုံရေးယူတာ၊ ကင်းလှည့်တာ၊အခမ်းအနားလုံခြုံရေး၊ငွေပို့ငွေသယ်တာ နဲ့ အနီးကပ်လုံခြုံရေးတွေဆောင်ရွက်နေတာလို့ အစီရင်ခံစာကဆိုပါတယ်။
