နိုဝင်ဘာလ ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မိုးကုတ်နဲ့ နောင်ချိုကို စစ်တပ်ဗုံးကြဲလို့ တစ်နေ့တည်း သေဆုံးသူ ၂၀ ရှိလာ
TNLA သိမ်းထားတဲ့ မိုးကုတ်မြို့နဲ့ ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကို စစ်တပ်က ဒီနေ့ တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၂၀ အထိရှိလာတဲ့ သတင်းနဲ့အတူ မြန်မာနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- စစ်ကိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေကြောင့် မြိုနဲ့ ကျေးရွာတချို့မှာ ပိတ်မိနေတဲ့ဒေသခံတွေရှိနေပါတယ်။
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာ အေအေနဲ့တိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချခဲ့တယ်လို့ မြေပြင်အခြေအနေသိသူ တွေက ဘီဘီစီကို ပြောပါတယ်။
- မူဆယ် - ရွှေလီ နယ်စပ်က လူဝင်လူထွက်နယ်စပ်ဖြတ်ကျော်ဂိတ်တွေကနေ တနိုင်တပိုင် ကုန်စည် သယ်ယူ တာကို တရုတ်ဘက်က ပိတ်လိုက်ပြီးတဲ့နောက် တရားဝင် ကုန်စည်သယ်ယူနိုင်တဲ့ မန့်ဝိန်းဂိတ်ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ကမမောင်း - ဖာပွန်လမ်းပေါ်မှာ စစ်တပ်က နှစ်ဆယ်ချီ တပ်စွဲထားတဲ့ တံတားလုံခြုံရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး(KNLA) ပူးပေါင်းတပ်တွေက ၃ ရက်ကြာတိုက်ပြီး သိမ်းလိုက်ပါတယ်။
- ကျောက်စိမ်းမြေ ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ကနဦး သိရပါတယ်။
- TNLA သိမ်းထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ညသန်းခေါင် ဗုံးကြဲလို့ အရပ်သား ၂ ဦးထက်မနည်းသေဆုံးပြီး နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
သတင်းထူး, မိုးကုတ်မြို့ပေါ် စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၉ ဦးရှိလာ

ဓာတ်ပုံ ရင်းမြစ်, TNLA
ဓာတ်ပုံ ပုံစာ, စစ်တပ်က ညအချိန်ဗုံးကြဲလို့ မိုးကုတ်မြို့ အနောက်ပိုင်းမှာ ဒေသခံ ၅ ဦး၊ အရှေ့ပိုင်းမှာ ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်က ထုတ်ပြောလာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအစပ်က ပတ္တမြားမြေ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ကြဲချခဲ့တဲ့ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ ၉ ဦး အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဘီဘီစီက ဒီနေ့ မနက်ပိုင်း ရရှိထားတဲ့အချက်အလက်တွေအရ သေဆုံးသူ အရေအတွက်ဟာ ၃ ဦးရှိခဲ့တာပါ။
အခုတော့ ဒီဗုံးကြဲမှုတွေအတွင်း သေဆုံးသူ ၉ ဦးရှိပြီး ကလေးငယ် တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာ ၁၃ ဦးရှိတယ်လို့ တအာင်းတပ်(TNLA)က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်နဲ့ ပြင်ဦးလွင်မြို့ အနီးမှာ ဗုံး ၂ လုံးကို တိုက်လေယာဥ်နဲ့ လာရောက်ကြဲချခဲ့တာဖြစ်ပါတယ်။
မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းတပ်က တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ဇွန်လကုန်ပိုင်းမှာ သိမ်းထားခဲ့တာဖြစ်ပါတယ်။
သတင်းထူး, နောင်ချိုမြို့က လက်ဖက်ရည်ဆိုင်ပေါ် စစ်တပ်ဗုံးကြဲမှု လူ ၁၀ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, ဗုံးကြဲခံရမှုအပြီး မြင်ကွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ က လန်းဆန်း လက်ဖက်ရည်ဆိုင်ကို ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ၂ နာရီကျော်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကနဦးသတင်းအရ အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ နောင်ချိုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
သေဆုံးထိခိုက်သူအများစုက ခရီးသည်နဲ့ ကားသမားတွေဖြစ်တယ်လို့ ဆိုပြီး ဒေသခံတွေအပြောအရ ပေါင် ၅၀၀ ဗုံးနဲ့ကြဲချသွားတာလို့ဆိုပါတယ်။
ကနဦးသတင်းအရ ၂၂ ဦးထက်မနည်းထိခိုက်ဒဏ်ရာရပြီး အဲဒီမှာ ၁၁ ဦးသေဆုံးတာကိုအတည်ပြုထားနိုင်တယ်လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
''သာမန်အချိန်လည်းအဲဒီဆိုင်က ခရီးသည်တွေနဲ့ကားသမားတွေနားနေကျဆိုင်ပဲ။ ဒီနေ့လည်းနားနေကျအချိန်ကို ကွက်တိကိုဗုံးကြဲချသွားတာ။ ၂၂ ယောက်ဒဏ်ရာပြင်းထန်ရတာမှာ ၁၁ ယောက်သေသွားတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာပြင်းထန်ရတာရှိတယ်'' လို့ သူကပြောပါတယ်။
နောင်ချိုမြို့ ကို တအာင်းတပ်TNLA ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ခေါင်းဆောင် တရုတ်ကပြန်လာပြီး နောက်ရက်မှာပဲ TNLA သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA နဲ့နီးစပ်သူတချို့က မှတ်ချက်ပြုထားပါတယ်။
စစ်ကိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, BNRA
ဓာတ်ပုံ ပုံစာ, BNRA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နိုဝင်ဘာ ၁၁ ရက်ကစပြီး တော်လှန်ရေးအင်အားစုတွေက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့မ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ” လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ထပ်ပြောပါတယ်။
တိုက်ပွဲ ၂ ရက်အတွင်း စစ်ကောင်စီတပ်ဘက်ကလည်း မြို့မကျအောင် လေကြောင်းကနေ ပြန်ပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ BNRA ကို ဦးဆောင်သူ ဗိုလ်နဂါးက ဘီဘီစီကို ပြောပါတယ်။
“၂ ရက်ဆက်တိုက် စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ်တွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။
လေကြောင်းပစ်ခတ်မှုတွေကြောင့် ပုလဲမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံတချို့လည်း စစ်ရှောင်မရဘဲ ပိတ်မိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပုလဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်မှာပဲ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် နာရီပိုင်းအတွင်း ဆုတ်ခွာခဲ့ရပါတယ်။
လက်ရှိ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့မှာ တပ်စွဲထားတယ်လို့ မြေပြင်အခြေအနေသိသူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိမရှိကိုတော့ ဘီဘီစီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ပုလဲမြို့က စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, အမ်းမြို့က မဲတောင်ဗျူဟာကို အေအေ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်လာတဲ့ပုံ (ပုံဟောင်း) စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်ဟာ မနေ့နိုဝင်ဘာ ၁၁ ရက်က အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော် - အေအေ)ဆီမှာ လက်နက်ချခဲ့တယ်လို့ အေအေနဲ့နီးစပ်တဲ့ မြေပြင်အခြေအနေသိရှိသူတွေက ပြောလာပါတယ်။
လက်နက်ချခဲ့တဲ့အထဲ “တပ်ရင်းမှူးအဆင့်အထိ ပါတယ်၊ သူတို့မိသားစုတွေလည်းပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်နေချိန် လက်နက်ချခဲ့တဲ့သူတွေလည်းရှိသလို တိုက်ပွဲပြီးမှ လက်နက်ချဖို့ အေအေဘက်ကို ကမ်းလှမ်းလာတာတွေလည်းရှိတယ်လို့ သူက ထည့်ပြောပါတယ်။
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ဖွဲ့ဝင်အရေအတွက်နဲ့ ဘယ်တပ်ရင်းကလဲ ဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်သေးပါဘူး။
နပခ အပါအဝင် အဲဒီအနီးတဝိုက်က အမှတ် ၃၇၁ ခြေမြန်တပ်ရင်း(ခမရ)၊ တပ်ထိန်း တပ်ရင်း ၃ ခုတို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး အမ်း ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနဲ့ ဗျူဟာကုန်း တပ်စခန်းတွေကို အေအေက သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
အမ်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ နပခ အပါအဝင် တပ်ရင်း (၁၇) ခုရှိပြီး အဲဒီထဲက တပ်ရင်း ၁၃ ခု ထက်မနည်းကို အေအေက သိမ်းထားတဲ့အခြေအနေလို့လည်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က အမ်း ဌာနချုပ်မကျအောင် စစ်ကူပို့နေသလို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
“အမ်းမြို့ထဲက ဘောလုံးကွင်းဘက်ကို မနေ့ (နိုဝင်ဘာ ၁၂ ရက်) က စစ်ကူ ၂၀၀ လောက် ရဟတ်ယာဥ်နဲ့ လာပို့သွားတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
အဲဒီစစ်ကူပို့လာတဲ့ အင်အား ၂၀၀ ခန့်ဟာ နပခ ဌာနချုပ်အနီးက အေအေထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ရင်း ၃၇၄ ကို ထိုးစစ်ပြန်ဆင်နေတယ်လို့ မြေပြင်မှာရှိတဲ့သူတချို့က ပြောပါတယ်၊။
အမ်းမြို့အဝင်က စစ်ကောင်စီဌာနဆိုင်ရာရှိတဲ့ ပဲပဒုံ စစ်ဆေးရေးဂိတ်ကိုတော့ အေအေက မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ အမ်းမြို့က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ကမမောင်း - ဖာပွန်လမ်းပေါ်က စစ်တပ်လုံခြုံရေး စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, Mutraw News
ဓာတ်ပုံ ပုံစာ, ကူဆိပ်တံတား လုံခြုံရေးစခန်းကို တိုက်ခိုက်ပြီးတဲ့နောက် သိမ်းမိတဲ့ လက်နက်ခဲ့ယမ်းတွေနဲ့ စစ်ဘက် အသုံးအဆောင်တွေလို့ ကေအဲန်ယူ မူတြော်ခရိုင်က သတင်းထုတ်ပြန်လာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက ကမမောင်း - ဖာပွန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်ရွာ တံတားလုံခြုံရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ဖာပွန်(မူတြော်ခရိုင်)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲကို KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ ရက်ကြာတိုက်ခဲ့ရအပြီးမှာ သိမ်းနိုင်ခဲ့ တာလို့လည်း ဆိုပါတယ်။
တိုက်ပွဲကနေ လက်နက်သေနတ်တချို့၊ ဒရုန်းဖျက် ဂျမ်မာ ၃ ခုနဲ့ ကျည်အတောင့်ရေ ထောင်ချီလည်း သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အကျအဆုံး ၈ ဦးရှိတယ်လို့ မူတြော် သတင်းမှာဖော်ပြပေမဲ့ ဒီသေဆုံး အရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ကူးဆိပ်တံတား လုံခြုံရေးကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၆ ခြေမြန်တပ်ရင်း တပ်ဖွဲ့ဝင်များ တပ်စွဲထားတာဖြစ်ပြီး စစ်အာဏာသိမ်းမှုမတိုင်ခင်ကလည်း စစ်တပ်နဲ့ KNLA/KNDO တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ဖူးတဲ့နေရာဖြစ်ပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူ ၁၀ ဦး ထက်မနည်း ပျောက်ဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, MFSD
ဓာတ်ပုံ ပုံစာ, ဖားကန့်က မြေစာပုံပြိုခဲ့တဲ့နေရာတစ်ခုမှာ ကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း (ပုံဟောင်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာက ကျောက်တူးဖော်တဲ့လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတချို့အပြောအရ ဘီဘီစီက ကနဦး သိရပါတယ်။
မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်တူးဖော်တဲ့နေရာမှာသုံးတဲ့ စက်ယန္တရား ၂ စီးလည်း ပြိုကျတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပျောက်ဆုံးနေတဲ့သူတွေကို အဲဒီလုပ်ကွက်တာဝန်ရှိသူတွေက တာဝန်ယူရှာဖွေပေးနေတာလည်း မရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ရှာဖွေခိုင်းတာလည်းမရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကတော့ “လုပ်ကွက်တာဝန်ရှိသူတွေက သတင်းတွေကို ဖုံးထားတဲ့သဘော၊ လူမှုကွန်ရက်မှာလည်း လူတွေပျောက်ဆုံးတဲ့သတင်း မတင်ဖို့ တားမြစ် ထား မြစ်ထားတယ်လို့ သိရပါတယ်။ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းတာလည်း မရှိသေးဘူး” လို့ သူက ပြောပါတယ်။
ဖားကန့်မြို့ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေမှာ မြေစာပုံပြိုကျမှုတွေဖြစ်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
တရုတ်ဖိအားနဲ့ ပိတ်သွားတဲ့နယ်စပ်ဂိတ်တွေကြောင့် ဘယ်အခြေဆိုက်နိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, မြန်မာ့အသံ
ဓာတ်ပုံ ပုံစာ, တရုတ် - မြန်မာ နယ်စပ်က မူဆယ် -ရွှေလီ နယ်စပ်ဂိတ်ပေါက် တစ်ခုကို ၂၀၂၃ ခုနှစ် တုန်းက မြင်တွေ့ရတာဖြစ်ပါတယ် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ တစ်ခုတည်းသော လက်ကျန်ဂိတ် ကျိုင်းတုံ - မိုင်းလား ဂိတ်ကနေ တရုတ်ပစ္စည်းတွေ မြန်မာဘက် တင်သွင်းတာကို တရုတ်ဘက်က ပိတ်လိုက်တာကြောင့် မြန်မာကုန်သည်တွေကြားမှာ ကုန်သွယ်ရေးအကျပ်အတည်းဆက်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
မြန်မာဘက်ကနေ တရုတ်ဘက်ခြမ်းကို တင်ပို့နေတဲ့ ဆန်စပါးအပါအဝင် လယ်ယာထွက်ကုန်တွေကိုတော့ တရုတ်ဘက်ကို ဆက်ပြီးတင်ပို့ခွင့်ပေးထားသေးတယ်လို့ မိုင်းလားနယ်စပ်ကုန်သွယ်ရေးလုပ်နေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“အခုက တရုတ်ကနေ မြန်မာဘက်ပို့တာကိုပိတ်တာပေါ့။ ဒါပေမဲ့ ဂိတ်ပါပိတ်ချပြီး မြန်မာကနေ ပို့တာတွေကိုပါ ပိတ်မလားတော့ စောင့်ကြည့်ရဦးမှာပဲ” လို့ သူကပြောပါတယ်။
တကယ်တော့ မြန်မာဘက်ကို တင်သွင်းနေတဲ့ တရုတ်ဘက်ကကုန်လမ်းကြောင်းကို ပိတ်မယ်ဆိုတဲ့သတင်းက အစောပိုင်းကတည်းက ထွက်ပေါ်နေတာပါ။
အောက်တိုဘာ ၂၆ ရက်မှ စပိတ်မယ်လို့ သိထားပေမဲ့ ၂၂ ရက်နေ့မှာ အကုန်ရပ်တန့်သွားတာလို့ ကုန်သည်တချို့ကပြောပါတယ်။
တရုတ်ဘက်က သွင်းကုန်တွေပိတ်တဲ့အထဲမှာ မြန်မာမှာအဓိကမှီခိုအသုံးပြုနေကြတဲ့ အိမ်သုံးပစ္စည်း၊လူသုံးကုန်၊ဆေးဝါး၊လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်နဲ့ဆိုလာအပါအဝင် ဘိလပ်မြေလိုအိမ်ဆောက်ပစ္စည်းတွေ ပါဝင်နေပါတယ်။
အပြည့်အစုံကို နယ်စပ်ကနေ မြန်မာကိုပို့တဲ့သွင်းကုန်တွေကို တရုတ်ပိတ်တာဘာကြောင့်လဲ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
COP29 ညီလာခံ - ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရင်ဆိုင်နေရာတဲ့ ပါကစ္စတန်
ကမ္ဘာလုံးဆိုင်ရာရာသီဥတုညီလာခံ COP29 ကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာခုမှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်အထိ စတင် ကျင်းပနေပြီဖြစ်ပါတယ်။
တဖက်မှာလည်း မကြာသေးခင်နှစ်ပိုင်းတွေ အတွင်းက စပြီး ကမ္ဘာကြီးမှာ ရေကြီးတာ၊ မိုးခေါင်ရေရှားတာနဲ့ အပူလှိုင်းတွေ တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာပါတယ်။
ပါကစ္စတန်နိုင်ငံမှာဆိုရင် ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကို အဆိုးဆုံးရင်ဆိုင်ခဲ့ရတဲ့နိုင်ငံတွေထဲက တခုလည်းဖြစ်ပါတယ်။
ပါကစ္စတန်က ထောင်နဲ့ ချီပြီး ရှိတဲ့ ရေခဲတောင်ကြီးတွေ ကမ္ဘာ့အပူချိန်တက်လာမှုကြောင့် အရည်ပျော်နှုန်း ထိတ်လန့်စရာ ကောင်းလောက်အောင် မြန်ဆန်လာခဲ့ပြီး ရေခဲတောင်ခြေက ရေကန်တွေနဲ့ မြစ်တွေမှာ ရေကြီး ရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။
ကိုင်ဘာ ပါတွန်းခွာ ပြည်နယ်ထဲက ချီထရာဆိုတဲ့ ဒေသမှာဆိုလည်း ရေခဲတောင် ရာပေါင်းများစွာ အရည်ပျော်ကျနေမှုကြောင့် အဲဒီ ဒေသတွင်းနေထိုင်ကြသူတွေရဲ့ အသက်နဲ့ နေ့စဉ်ဘဝတွေကို ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။
မြစ်ရေကြောင့် ရွာဒါဇင်နဲ့ချီပြီး ပါသွားခဲ့တဲ့ ချီထရာဒေသကနေ ဘီဘီစီ အူရဒူ ဘာသာ ဌာနက အဇဇ်ဇူလာခန်း ပေးပို့ထားတဲ့ သတင်းကိုဇေယျာထွန်းက ပြောပြထားပါတယ်။
ရုပ်သံမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။
ဗီဒီယို ပုံစာ, ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရင်ဆိုင်နေရာတဲ့ ပါကစ္စတန် မူဆယ် - ရွှေလီ နယ်စပ်က မန့်ဝိန်းဂိတ်ကို စစ်ကောင်စီက ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၁ ရက်ကစပြီး တရုတ်ဘက်က ကုန်သွယ်ခွင့်ပိတ်လိုက်တဲ့ ရွှေလီ(ကြယ်ခေါင်) ဆင်ဖြူဂိတ် (ပုံဟောင်း) ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နဲ့ မြန်မာနယ်စပ်ကုန်သွယ်ဖို့ နှစ်နိုင်ငံသဘောတူထားတဲ့ မန့်ဝိန်းဂိတ်ရဲ့ မြန်မာဘက်ခြမ်းကို စစ်ကောင်စီက ဒီရက်ပိုင်းထဲမှာပဲ ထပ်ပြီးပိတ်လိုက်တယ်လို့ ကုန်သည်တွေက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။
နယ်စပ်ရွှေလီမြို့ (ကြယ်ခေါင်)မှာရှိတဲ့ ဆင်ဖြူဂိတ်အပေါက်နဲ့ နန်းတော်ဂိတ်ပေါက် ၂ ပေါက်ကနေ ကုန်စည်ဖြတ်သန်းခွင့်မပြုဘူးလို့ တရုတ်ဘက်က ကြေညာချက်ထုတ်ပြီးနောက် တရားဝင်ကုန်သွယ်ခွင့်ရှိတဲ့ မန့်ဝိန်းဂိတ်ကို စစ်ကောင်စီက ပိတ်လိုက်တာလို့ ကုန်သည်တွေက ပြောပြပါတယ်။
“တရားဝင်ကြေညာထားတာလည်းမရှိဘူး။ ဆင်ဖြူပေါက်နဲ့ နန်းတော်ပေါက်ကို တရုတ်က ပိတ်လိုက်တော့ ဒီ မန့်ဝိန်းမှာပဲ အကုန်လာစုပြုံပြီး တိုးနေကြတာ၊ ဒီဂိတ်ကို တရုတ်ဘက်ကတော့ မပိတ်ဘူး” လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့ဟာ မြန်မာ-တရုတ်နယ်စပ် လူဝင်၊ ထွက်ဂိတ်တွေဖြစ်ပြီး ဆင်ဖြူဂိတ်ကတော့ ကုန်သွယ်ဂိတ် ဖြစ်ပါတယ်။ နယ်စပ် ဖြတ်သန်းသူတွေဟာ အဲဒီ လူဝင် လူထွက် ဂိတ်တွေကနေ တနိုင် တပိုင် ကုန်စည် သယ်ကြတာဖြစ်ပြီး အခုတော့ ဒီလိုသယ် တာကို တရုတ်ဘက်ခြမ်းက နိုဝင်ဘာလ ၁၁ ရက်ကစလို့ ပိတ်လိုက်တာဖြစ်ပါတယ်။
ဂိတ် ၂ ဂိတ်လိုက်တဲ့နောက် မန့်ဝိန်းဂိတ်ပေါက်ကနေပဲ ကုန်သွယ်ခွင့်ရှိပေမဲ့ စစ်ကောင်စီဘက်က အဲဒီဂိတ်ကို ပိတ်ဆို့ထားတာကြောင့် မန့်ဝိန်းဂိတ်တဝိုက်မှာ ကုန်စည်တင်ထားတဲ့ လက်တွန်းလှည်း၊ ဆိုင်ကယ် နဲ့ အိမ်စီးအမိုးဖွင့်ကားတချို့ကလည်း ကုန်သွယ်ဖို့ဂိတ်ဖွင့်တဲ့အထိ တန်းစီစောင့်ဆိုင်းနေကြတဲ့အခြေအနေလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အချိန် မန့်ဝိန်းဂိတ်ကနေ တရုတ်ဘက်ကို ကုန်အရောင်းအဝယ်လုပ်ဖို့ ဂိတ်ကို ပိတ်ဆို့ခဲ့တာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ မန့်ဝိန်းဂိတ်ပိတ်လိုက်တာနဲ့ပတ်သက်လို့ မြေပြင်မှာရှိတဲ့ ကုန်သည်တချို့ကတော့ တရုတ်က နယ်စပ်ဂိတ်တွေပိတ်ပြီး ရှမ်းမြောက်က တိုင်းရင်းသားအဖွဲ့တွေကို
ဖိအားပေးသလို စစ်ကောင်စီကလည်း ထိုနည်းတူ ဖိအားထပ်ပေးချင်လို့ ပိတ်လိုက်တာလို့ သုံးသပ်ပြောဆိုနေကြပါတယ်။
တစ်ဖက်မှာလည်း တရုတ်ဘက်က ပိတ်ထားတဲ့ ဆင်ဖြူဂိတ်အပေါက်မှာလည်း တရုတ်ဘက်ကနေ မူဆယ်မြို့ဘက်ကိုပြန်ထွက်လာမယ့် ကုန်သည်တချို့ တရုတ်၊ ရွှေလီဘက်ခြမ်းမှာ ပိတ်မိနေတယ်လို့ ကုန်သည်တချို့က ပြောပြပါတယ်။ “ဆိုင်ကယ်တွေရော၊ ကားတွေရော အစီး ၁၀၀ လောက်ရှိတယ်” လို့ ဆိုပါတယ်။
ဒီလို နယ်စပ်ဂိတ်တွေ အားလုံးပိတ်ထားတဲ့အခြေအနေကြောင့် တရုတ်ဘက်ခြမ်းမှာနေထိုင်ပြီး အချိန်ပိုင်းနဲ့ ကုန်တင်ကုန်ချလုပ်ကြတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီကလည်း အလုပ်လက်မဲ့ဖြစ်နေကြပြီလို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဓာတ်ပုံ စုစည်းချက် - မိုးကုတ်မြို့ ဗုံးကြဲခံရမှု

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ ဗုံးကြဲခံရပြီးတဲ့နောက် နိုဝင်ဘာလ ၁၂ ရက် မနက်အစောပိုင်းမှာ မြင်တွေ့ရတဲ့ ဗုံးကြဲခံရတဲ့နေရာ အခြေအနေ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က မနေ့ညသန်းခေါင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ဦးထက်မနည်းသေဆုံးပြီး အိမ် ၉ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, မနေ့ညပိုင်းမှာ မိုးကုတ်မြို့ ကောင်းကင်မှာ လေယာဥ်တွေ ခပ်နိမ့်နိမ်ပျံသန်းပြီးနောက်မှာ လေကြောင်းကနေ ဗုံးကြဲမှုဖြစ်ခဲ့တာပါ 
ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းတပ်နဲ့ MDY -PDF ပူးပေါင်းတပ်တွေ သိမ်းခဲ့တဲ့ မိုးကုတ်မှာ ဆက်သွယ်ရေးပြတ်တောက်နေဆဲဖြစ်တာကြောင့် မြို့တွင်းက ဗုံးကြဲခံရမှုအခြေအနေကို စိုးရိမ်တဲ့အကြောင်း အဝေးရောက် မြို့ခံတွေက လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ် အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ဆင့်ပွားစျေးရောင်းချတဲ့ MLM စနစ် ဒစ်ဂျစ်ခေတ် မှာ ခေါင်းပြန်ထောင်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒစ်ဂျစ်ခေတ် ဆင့်ပွားစျေးရောင်းချတဲ့ MLM စနစ် ခေါင်းပြန်ထောင်လာ MLM စနစ်ဆိုတာ ထိပ်ပိုင်းကသာ အမြတ်ရနိုင်ပြီး အောက်ပိုင်းက ကိုယ်စားလှယ်ဝင်လာသူတွေမှာ ငွေကြေး ဆုံးရှုံးနစ်နာနိုင်ခြေများတယ်ဆိုတာကို ဒီစနစ်ကိုဆန့်ကျင်တဲ့သူတွေက ဆယ်နှစ်နီးပါး လူမှုကွန်ရက်တွေမှာ ပုံစံမျိုးစုံနဲ့တွက်ချက်ရှင်းပြနေကြပေမဲ့ ဒီစနစ်က ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။
MLM စနစ်နဲ့ရောင်းတဲ့ အလှကုန်အပါအဝင် ကျန်းမာရေးဓာတ်ဆာလို ထုတ်ကုန်အများစုဟာ မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အလှကုန်စက်ရုံတွေမှာ ထုတ်လုပ်ကြတာများပါတယ်။
အရေအတွက်များများဆိုရင် ထုတ်လုပ်မှုစရိတ်နည်းနည်းနဲ့ ကိုယ်ပိုင်အလှကုန်နဲ့ ကော်လာဂျင်လို ဖြည့်စွက်စာတွေ ထုတ်နိုင်တာကြောင့် ငွေကြေးအတန်အသင့်ရင်းနှီးနိုင်သူတွေတောင်လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။
ထိုင်းက အလှကုန်ထုတ်စက်ရုံတချို့ကို ဘီဘီစီက ဆက်သွယ်စုံစမ်းချက်အရ မြန်မာမှာMLM စနစ်နဲ့ရောင်းနေတဲ့ နေရောင်ကာခရင်မ်တစ်ဘူးရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် က စျေးကွက်ထဲရောင်းချနေတဲ့ စျေးရဲ့ ထက်ဝက်တောင်မရှိပါဘူး။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
မိုးကုတ်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သား ၂ ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဗုံးကြဲခံခဲ့ရတဲ့ မိုးကုတ်မြို့တစ်နေရာ တအာင်းတပ် (TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY - PDF) သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၁၁ ရက် ညပိုင်း ၁၁ နာရီကျော် ဝန်းကျင်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦးထက်မနည်းသေဆုံးပြီး ၆ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"မိုးကုတ်အရှေ့ပိုင်းက လယ်ဦးမင်္ဂလာ မဂ္ဂင်ကျောင်းကို ဗုံး၄ လုံး၊ ပန်းခြံဘက်ကို ဗုံး ၁ လုံး၊ မိုးကုတ်အနောက်ပိုင်းက ဂေါက်ကွင်းကို ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်"လို့ သိရပါတယ်။
မိုးကုတ်မြို့ရဲ့ သုံးနေရာထက်မနည်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၁၀ အိမ်ထက်မနည်းလည်း ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တအာင်းတပ် (TNLA) နဲ့ MDY-PDF ပူးပေါင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်တပ်ထောက်ခံသူတချို့ရဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ မိုးကုတ်မြို့ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
